မြန်မာနိုင်ငံမှ ကျားမရေးရာညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးတို့နှင့်ပတ်သက်၍ အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်းကော်မတီသို့ အစီရင်ခံစာတင်သွင်းမည်

မြန်မာနိုင်ငံအစိုးရ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် UN Women တို့သည် အခြားကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေးအတွက် ကြိုတင်လေ့ကျင့်မှုဆိုင်ရာ အစည်းအဝေးကို ၂၀၁၆ ခုနှစ် ဇွန်လ ( ၉ ) ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုကြိုတင်လေ့ကျင့်ဆိုင်ရာအစည်းအဝေးသည် မြန်မာပြည်မှ ကိုယ်စားပြုသွားရောက်ကြမည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အမျိုးသမီးများကိုနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှု အစည်းအဝေးတွင် ကျားမရေးရာညီမျှမှုနှင့် အမျိုးသမီးအခွင့်အရေးတို့နှင့်ပတ်သက်၍ အစီရင်ခံမှုများ ပြုလုပ်ရာတွင် အဆင်ပြေချောမွေ့စေရန် ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါသည်။ အစိုးရကိုယ်စားပြုကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင်ပြုလုပ်သော အမျိုးသမီးများကိုနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှုအစည်းအဝေးသို့ တက်ရောက် အစီရင်ခံကြမည်ဖြစ်ပါသည်။ အမျိုးသမီးများကိုနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ခြင်းဆိုင်ရာ သုံးသပ်ကြားနာမှုအစည်းအဝေးအတွက် ကြိုတင်လေ့ကျင့်မှုဆိုင်ရာသင်တန်းကို သွားရောက်ကြမည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များ၊ အစိုးရဝန်ကြီးဌာနများမှ အဆင့်မြင့်အရာရှိများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များစုစုပေါင်း (၇ဝ) ဦးခန့် တက်ရောက်ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ “မြန်မာနိုင်ငံသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အမျိုးသမီးများတိုးတက်ဖွံ့ဖြိုးရေး၊ အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်းနှင့် အကြမ်းဖက်ခြင်းများ ပပျောက်စေရန် အားသွန်ခွန်စိုက်ကြိုးပမ်းလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၁၃-၂၀၂၂) ကို အဓိကနယ်ပယ် (၁၂) ရပ်ထားပြီး အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖေါ်လျက်ရှိကာ ကျားမရေးရာဆိုင်ရာ ရည်မှန်းချက်များအပါအဝင် ကမ္ဘာနှင့်အဝှမ်း သဘောတူထားသည့် ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးရေးရည်မှန်းချက်များဆီသို့ ဦးတည်သွားလျက်ရှိကြောင်း မြန်မာနိုင်ငံအစိုးရသည် အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ရေးဆိုင်ရာကော်မတီသို့ တင်သွင်းမည့် အစီရင်ခံစာရေးသားရေးအဖွဲ့ကို လူမှုဝန်ထမ်းဦးစီးဌာနက ညှိနှိုင်းဦးဆောင်ပြီး ဝန်ကြီးဌာနပေါင်းစုံ ပါဝင်ဖွဲ့စည်းခဲ့ကာ ယင်းအစီရင်ခံစာကို ကုလသမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ အကြံဉာဏ်များ ရယူခဲ့ပြီး အမျိုးသမီးများကိုနည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံခြင်းမှ ပပျောက်ရေးဆိုင်ရာကော်မတီသို့ အချိန်မှီတင်သွင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီးဝန်ကြီးမှ ယခုအခွင့်အလမ်းကို အသုံးပြုပြီး အချက်အလက်များကို တတ်နိုင်သမျှ စုကောင်းကာ မိမိတို့လုပ်ဆောင်ချက်ကောင်းများကို ပြသရန်နှင့် ကျားမရေးရာတန်းတူညီမျှမှုအတွက် အခက်အခဲများကို တက်နိုင်သမျှ စုပေါင်းဖြေရှင်းရန် မှာကြားခဲ့ပါသည်။

ဆက်လက်၍ Dr. Jean D’ Cunha, Head of UN Women က နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တစ်ရက်တာပြင်ဆင်ခြင်းအစည်းအဝေးကို စတင်ခဲ့ပါသည်။

Sign Up

Upcoming Events