လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် အောက်တိုဘာလ (၂) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာန၊ Asian Disaster Preparedness Center (ADPC) မှ ဥက္ကဌ ဖြစ်သူ Prof.Dr. Krasae Chanawongse နှင့် အဖွဲ့အား ဝန်ကြီးရုံး၊ မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ယင်းသို့တွေ့ဆုံရာ၌ ဝန်ကြီးဌာန၏ လုပ်ငန်းတာ၀န်များ၊ အမျိုးသား သဘာဝဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်မှု၊ မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေး စီမံချက်အား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ အာဆီယံ၊ အာရှဒေသ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ၂၀၁၄ ခုနှစ်တွင် စတင်ခဲ့သော လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များအတွက် သင်တန်းဖွင့်လှစ်ဆောင်ရွက်နေမှုများ၊ အရေးပေါ် Emergency Operation Centre တည်ထောင်ထားရှိမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပါသည်။
ADPC ဘက်မှလည်း ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ကျေးလက်အခြေပြု လူမှုစောင့်ရှောက်ရေး စေတနာ့ဝန်ထမ်းလူငယ်နှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်စီမံကိန်းများသည် ပြည်သူလူထုအတွက် အကျိုးရှိသော အစီအစဉ်တစ်ခုဖြစ်ပါကြောင်း စသည်ဖြင့် ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အစည်းအဝေးသို့ ဒုတိယ၀န်ကြီးများဖြစ်သော ဦးဘုန်းဆွေ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။