မတ်လ ၉ ရက်၊ စစ်တွေ
ရခိုင်ပြည်နယ်ဆိုင်ရာ ဆောင်ရွက်ချက်များတွင် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် (ICOE) ၏ အကြံပြုချက်များမှ အရှိန်အဟုန်မြှင့် မြန်ဆန်စွာဆောင်ရွက်သင့်သည့် လုပ်ငန်းများနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ညှိနှိုင်း ဆောင်ရွက်ခြင်းနှင့် တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခြင်းမပြုသည့် နေရပ်စွန့်ခွာသူများ နေထိုင်ရာ ကျေးရွာများထဲမှ ကျေးရွာ(၇)ရွာကို ပြန်လည်နေရာချထားရေးဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ကျေးရွာ နေသူများ၏ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ၊ ပြည်နယ်ဧည့်ဂေဟာအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ကျေးရွာနေသူများ၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ဖြစ်ရပ်များနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးမှုများကို ဆောင်ရွက်ခဲ့ရာ အကြံပြုချက် (၂၂)ချက်ပါသော အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါကြောင်း၊ အကြံပြုချက်များတွင် မိမိတို့တာဝန်ယူ ဆောင်ရွက်ရမည့် ကဏ္ဍများနှင့် ပတ်သက်၍ လူမှုသဟဇာတဖြစ်စေရေး၊ ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ် စွန့်ခွာကြရသည့် ရခိုင်၊ မွတ်ဆလင်နှင့် အခြားလူနည်းစု တိုင်းရင်းသားများ၏ လိုအပ်ချက်များကို အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ဖြည့်ဆည်းဆောင်ရွက်ပေးရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချ ထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးကို အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီဆောင်ရွက်နိုင်ရေး၊ နိုင်ငံသားစိစစ်ခံယူမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးခြင်းနှင့် ၄င်း၏ အကျိုးဆက်များကို ပြန်လည် သုံးသပ်၍ ဝန်ကြီးဌာနအသီးသီးက ပူးပေါင်းဆောင်ရွက်ပြီး အကျိုးသက်ရောက်မှုရှိသော အကောင်အထည် ဖော်မှုများဖြစ်စေရေး၊ ရေရှည်ဆောင်ရွက်ရန်လိုအပ်သည့် အသက်မွေးဝမ်းကြောင်း၊ ပညာရေးနှင့် ကျန်းမာရေး ဆိုင်ရာ လက်လှမ်းမီရေး၊ လွတ်လပ်စွာ သွားလာခွင့်ရရှိရေးတို့တွင် အဟန့်အတား အကန့်အသတ်များ ဖယ်ရှားပေးနိုင်ရေးနှင့် မိမိတို့၏ အကောင်အထည်ဖော်ဆောင်ရွက်မှုများကို စောင့်ကြည့်အကဲဖြတ်ရေး တို့ပါဝင်ကြောင်း၊ ထိုအကြံပြုချက်အများစုသည် မိမိတို့ဆောင်ရွက်ဆဲ လုပ်ငန်းများဖြစ်ကြောင်း၊ ထိုလုပ်ငန်း များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် တည်ငြိမ်အေးချမ်းမှုသည် အရေးကြီးကြောင်း၊ မိမိတို့အနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်ရာတွင် တည်ငြိမ်အေးချမ်းမှုရှိသော နေရာများတွင် ပိုမို၍ ဆောင်ရွက်နိုင်ကြောင်း၊ နေရပ်စွန့်ခွာ သူများ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံနိုင်ငံများအပါအဝင် မိတ်ဆွေနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ဒေသတွင်း ပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီကို မိမိတို့အစိုးရစတင်တာဝန်ယူစဉ်ကပင် ဖွဲ့စည်းထားခဲ့ခြင်းဖြစ်ရာ ARSA အကြမ်းဖက်မှုနောက်ပိုင်း ဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာကြသူများတွင် တစ်ဖက်နိုင်ငံသို့ ထွက်ခွာခြင်းမရှိဘဲ ပြည်တွင်းနေရပ်စွန့်ခွာ ကြသူများကို ပြန်လည်နေရာချထားရန်သည် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်သက်၍ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ဆောင်ရွက်ရန် ပြည်တွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ရေးဆွဲထားရှိပြီးဖြစ်ရာ ယခုဆောင်ရွက်မည့် လုပ်ငန်းစဉ်နှင့် ဆက်စပ်ပါကြောင်း၊ မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာကို ကနဦးဦးစားပေး ရွေးချယ်ဆောင်ရွက်လျက်ရှိရာ ထိရောက် မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေး လာရောက်ဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရာတွင် ပညာရေး ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ လက်လှမ်းမီရန် အဓိကဆောင်ရွက် ပေးရန်ဖြစ်ကြောင်း၊ လိုအပ်ချက်များကို ညှိနှိုင်းပူးပေါင်း ဖြည့်ဆည်းပေးနိုင်ရန် ဆွေးနွေး ပေးကြစေလိုကြောင်း၊ ဆွေးနွေးမှုရလဒ်များအရ သက်ဆိုင်ရာလုပ်ငန်းအလိုက် မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့်စပ်လျဉ်း၍ စောင့်ကြည့်အကဲဖြတ် ဆောင်ရွက်သွားရန် လည်း လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားသူများအတွက် ပြန်လည် လက်ခံရေးကို အစဉ်တစိုက်ကြိုးပမ်းလျက်ရှိသကဲ့သို့ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမရှိဘဲ ကျန်ရှိသူများ အတွက်လည်း ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စုအစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာတွင် သက်ဆိုင်ရာကျေးရွာများရှိ ကျေးရွာသူ၊ ကျေးရွာသားများ အားလုံးပါဝင် ဆောင်ရွက်ရေးသည် အလွန်အရေးကြီး ပါကြောင်း၊ ပြန်လည်နေရာချထားရေးဆောင်ရွက်ရာတွင် ယခင်ဆောင်ရွက်ခဲ့သော အတွေ့အကြုံများအပေါ် သင်ခန်းစာယူကာ တစ်ဦးတစ်ယောက်ချင်း၏ လိုအင်ဆန္ဒထက် အားလုံးအတွက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ကာ ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းဖြင့် ကောင်းမွန်သော အနာဂတ်ကို ရရှိခံစားနိုင်ကြမည်ဖြစ်သဖြင့် ပူးပေါင်း အဖြေရှာဆွေးနွေးပေးကြပါရန် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးစိုးအောင်က နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားကော်မတီ ဖွဲ့စည်းပြီးစီးမှုအခြေအနေ၊ တစ်ဖက်နိုင်ငံသို့ ထွက်ခွာသွားခြင်းမပြုသည့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများထဲမှ ကျေးရွာ(၇)ရွာတွင် Cash for Work အစီအစဉ်ဖြင့် အနည်းဆုံး မူလအနေအထားပြန်ဖြစ်အောင် စီစဉ်ဆောင်ရွက်နေမှုအပေါ် လိုအပ်မှုအခြေ အနေများနှင့် စပ်လျဉ်း၍ ဖြစ်သင့်ဖြစ်ထိုက်သည်များကို တင်ပြဆွေးနွေးပေးကြရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်ကျော်ဇံက တစ်ဖက်နိုင်ငံသို့ တိမ်းရှောင်ထွက်ပြေးခြင်းမပြုသည့် နေရပ်စွန့်ခွာသူများ၏ ကျေးရွာများထဲမှ ကျေးရွာ(၇)ရွာတွင် Cash for Work အစီအစဉ်ဖြင့် ပြန်လည်နေရာချထားရေး စနစ်တကျမှတ်တမ်းများဖြင့် ဆောင်ရွက်ထားရှိမှုကို ဆွေးနွေး ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပြန်လည်နေရာချထားရေးဆောင်ရွက်လျက်ရှိသည့် ကျေးရွာ(၇)ရွာမှ ကိုယ်စားလှယ်များက ပဒင်း-မောင်တောလမ်း ပြုပြင်ရေး၊ စာသင်ကျောင်းဆောင်များ ပြုပြင်ရေး၊ အသက်မွေးဝမ်းကြောင်း နှင့်ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ပစ္စည်း များပံ့ပိုးပေးရေး၊ ရေလုပ်ငန်းတွင် အသုံးပြုရန်လိုအပ်သော စက်လှေများနှင့် ငါးဖမ်းကိရိယာများ ပံ့ပိုးပေးရေးစသည့်လိုအပ်ချက်များနှင့် ပြန်လည်နေရာချထားရေး ဆောင်ရွက်လျက်ရှိရာတွင် မူလအိမ်များကို ပြုပြင်ပေးခြင်း၊ လိုအပ်သောနေရာများတွင် အသစ်ပြန်လည် တည်ဆောက်ပေးခြင်းစသည့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများတွင် ပံ့ပိုးကူညီရန် လိုအပ်မှုများကို တင်ပြခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တင်ပြချက်များအပေါ် မြန်ဆန်စွာ ပူးပေါင်းဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
ဆက်လက်၍ စစ်တွေမြို့ပေါ်ရှိ IDP စခန်းနေသူများ ပြန်လည်နေရာချထားရေးနှင့် စခန်းပိတ်သိမ်းရေး ဆိုင်ရာ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုအစည်းအဝေးကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဉပဒေချုပ်နှင့် ပြည်နယ်ဌာနဆိုင်ရာများ၊ IDP စခန်း (၄)ခုမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို ပြည်တွင်း၌ အမှန်တကယ်လက်တွေ့အသုံးချ ဆောင်ရွက်နိုင်ရန်ရေးဆွဲဆောင်ရွက်ခဲ့မှုနှင့် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်လည်း ကိုက်ညီအောင် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ အဆိုပါအမျိုးသားအဆင့် မဟာဗျူဟာကို စခန်းနေသူများအားလုံး ရှင်းလင်းစွာ သိရှိ၍ ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်မှုအခြေအနေများ၊ လူမှုသဟဇာတဖြစ်ရေးသည် ပြန်လည်နေရာချထားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်ပါကြောင်း၊ စခန်းတစ်ခုချင်းစီ၏ လိုအပ်မှုအခြေအနေအပေါ် မူတည်၍ လုပ်ငန်းစီမံချက်များရေးဆွဲဆောင်ရွက်ရမည်ဖြစ်၍ ယနေ့တွေ့ဆုံမှုတွင် ထပ်မံရွှေ့ပြောင်းရမှုများကို အဆုံးသတ်နိုင်ရန်နှင့် ရေရှည်တည်တံ့ သောဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်နယ်ဝန်ကြီးတို့က ပြန်လည်နေရာချထားရေးနှင့် စခန်းများပိတ်သိမ်းရေး ဆောင်ရွက်ရန် စီစဉ်ညှိနှိုင်းနေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စခန်းတာဝန်ခံများက လိုအပ်ချက် များနှင့် စခန်းနေသူများ၏ ဆန္ဒသဘောထားများကို ကိုယ်စားရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
#hl1
#rke_mar2020
Source: MOSWRR