ဒုတိယဝန်ကြီး ဦးစိုးအောင် ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံခြင်းအခမ်းအနား ကျင်းပ =======

8_Pic_01

မတ်လ ၇၊ နေပြည်တော်

ပြည်ထောင်စုနယ်မြေ နေပြည်တော်လူမှုဝန်ထမ်း ဦးစီးဌာနလက်အောက်ရှိ မူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ဝန်ထမ်းများ နှင့်တွေ့ဆုံခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဝန်ကြီးရုံးစုပေါင်းခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ  ထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်တတ်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင်ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ မိမိတို့ဝန်ကြီး  ဌာနသည်တိုင်းပြည်အနာဂတ်ဖြစ်သည့် ကလေး သူငယ်များကို ပြုစုစောင့်ရှောက်ပေးနေ သည့်ဌာန တစ်ခုဖြစ်သည့်အညီ ကလေးငယ်များအတွက် ဉာဏ၊ စိတ်ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ စဉ်ဆက်မပြတ်ရရှိစေဖို့ ဆောင်ရွက်ရန် အထူးအရေးကြီးပါကြောင်း၊ အစိုးရသစ်လက်ထက်တွင် ကိုယ်ဝန်ဆောင် မိခင်နှင့် မွေးဖွားလာသောကလေး ၂ နှစ်သားအထိ MCCT ငွေကြေးထောက်ပံ့ ပေးသည့် အစီအစဉ်များကိုဆောင်ရွက်နေပြီး အဆိုပါ ငွေကြေး ထောက်ပံ့ပေးသည့် အစီအစဉ်သည် အာဟာရပြည့်ဝစွာ ရရှိစေရေး၊ တစ်ကိုယ်ရေ သန့်ရှင်းရေးနှင့် မိသားစုစီမံကိန်းများအတွက် အထောက် အကူပြုပေးမည် ဖြစ်ပါကြောင်း၊ မူလတန်း ကြိုကျောင်းများတွင် အာဟာရကျွေးမွေးမှုအတွက် နိုင်ငံတော်ကတိုးမြှင့် ထောက်ပံ့ပေး လျက်ရှိပါ ကြောင်း၊ ဖြည့်စွက်စာ/အာဟာရများ ကျွေးမွေးမှုကို ကျွမ်းကျင်သူများနှင့် ဆွေးနွေးဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးက မူကြိုကျောင်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှုနှင့် ဘာသာရပ်ဆိုင်ရာကိစ္စရပ်များအားလေ့လာ ဆည်းပူးနေရန် လိုအပ်ပြီး လက်ရှိသင်ရိုးညွှန်းတမ်းများနှင့် သာရပ်တန့်မနေဘဲ ခေတ်နှင့်အညီပြုပြင်ရေး သုတေသနပြုကြိုးစားရန်လိုအပ်သည့် အပြင် ကလေး သူငယ်များနှင့်ပတ်သက်သည့် အသစ်သစ်သော အကြောင်းအရာ/ဘာသာရပ်များကို အနည်းဆုံးတစ်နေ့လျှင်  မိနစ် (၃၀) (သို့မဟုတ်) (၁) နာရီလောက်ဖြစ်ဖြစ် လေ့လာဆည်းပူးစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ စာတမ်းငယ်များကိုလည်း ပြုလုပ်စေချင်ပါကြောင်း၊ နိုင်ငံတော် ကလည်း ကလေးသူငယ်များအတွက် ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများနှင့်ပတ်သက်၍ ပြည်သူများကလည်း စိတ်ဝင်တစား ရှိကြသည့်အတွက် စနစ်တကျ စီမံခန့်ခွဲစေလိုပါကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ဆရာမများလုံလောက်မှုမရှိသည့်အတွက် လတ်တလော ဖြေရှင်းခြင်းအဖြစ် နေ့စားလပေး/ လုပ်အားပေးအဖြစ် ခန့်အပ်နိုင်ရေးဆောင်ရွက်ရန်လုပ်ထုံးနှင့် အညီဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများအတွက်လက်ငင်းအပြင် ကာလရှည်/တို ဖြေရှင်းနည်း များဖြင့်စနစ်တကျစဉ်းစားရန် လိုအပ်ပါကြောင်း၊ ကျောင်းအလိုက် (Infrastructure) လိုအပ်ချက်များကို ဆရာမများက တင်ပြရန်လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးက မူလတန်းကြိုကျောင်းမှ ဆရာမများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန့်ကြားချက်များကို သိရှိ လိုက်နာနိုင်စေရေး လေ့လာရမည် ဖြစ်ပါ ကြောင်း၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များကိုလည်း ခေတ်နှင့်အညီ လျော်ညီအောင် ပြင်ဆင်သတ်မှတ်လျက် ရှိပါကြောင်း၊ မူလတန်းကြိုကျောင်းများ တွင် အနည်းဆုံး (၂)ပတ်/(၁)လ တစ်ကြိမ် ဝန်ထမ်းရေးရာ အစည်းအဝေးပွဲများကို ပြုလုပ်ရမည်ဖြစ်ပြီး ကျောင်းသားမိဘများနှင့် တွေ့ဆုံပွဲများကိုလည်း ပြုလုပ်ပြီး၊    ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ ကြုံတွေ့နေရသည့်အခက်အခဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လူမှုဝန်ထမ်းရုံးများနှင့် ရုံးချုပ်သို့တင်ပြရမည် ဖြစ်ပါ ကြောင်း၊ မူလတန်းကြိုကျောင်းများတွင် ဆရာမ များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ (အဆောက်အဦ/ ပတ်ဝန်းကျင် ဖွဲ့စည်းမှုပုံစံများ)၊ ငွေကြေး (ဘတ်ဂျက်)၊ သင်ရိုးညွှန်းတမ်း၊ စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုများနှင့် ပတ်သက်၍လေ့လာသိရှိထားရမည် ဖြစ်ပါကြောင်း၊ မိဘများက ဆရာမ များထံသို့ ကလေးသူငယ်များကို တစ်နေကုန်အပ်နှံထားရသည့်အတွက် ဆရာမများ အနေဖြင့်သေသေချာချာ ပြုစုစောင့်ရှောက်ပေးကြရန် လိုပါကြောင်း၊ ကလေးငယ် များကိုသင်ကြားရာတွင်  ကောင်းမွန်သောအတုယူနိုင်စေရေးအတွက် သင်ကြားပြသပေးရမည်ဖြစ်သလို အချင်းချင်း ချစ်ခင်လေးစားမှုရှိစေရေးနှင့် ယဉ်ကျေးသည့်စကားအသုံး အနှုန်းများဖြင့် ပြောဆိုဆက်ဆံတတ်စေရေး သင်ကြားပေးရန်လိုအပ်ပါကြောင်း၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မှတဆင့်သာယာနာပျော်ဖွယ် ကောင်းသည့်ကလေးသီချင်း တေးကဗျာများကိုလည်း ပြန်လည်ဖော်ထုတ် ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ဆရာမများသည် ကလေးများ၏ စံနမူနာပြဖြစ်သည်နှင့်အညီ မိမိတို့၏ ဝတ်စားဆင်ယင်မှု၊ ပြောဆိုမှု အပြုအမူများကို ကလေးများ အတုယူမမှားစေဖို့ ဂုဏ်သိက္ခာနှင့်အညီ နေထိုင်ဖို့ အရေးကြီးကြောင်း၊ မူလတန်းကြိုကျောင်းများတွင် အလွဲသုံးမှု မခံရအောင် ဂရုတစိုက် စောင့်ကြပ်ကြည့်ရှုပေးဖို့ အရေးကြီးကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါ်ရူပါမြက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေပါအချက် အလက်များအား အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်တက်ရောက်လာခဲ့သည့် မူလတန်းကြိုကျောင်းများမှ ဆရာမများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများကို တင်ပြခဲ့ပြီး ဒုတိယဝန်ကြီးက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန် များကို အကြံပြုဆွေးနွေးခဲ့ ပါသည်။

အခမ်းအနားတွင် ဤဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ မူလတန်းကြိုကျောင်း (၅)ကျောင်းမှ ဆရာမများ၊ ဝန်ထမ်းများ တတ်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl2_otr

#npw_mar2020

Source:  MSWRR

Sign Up

Upcoming Events