
ပဋိပက္ခအတွင်း အမျိုးသမီးများအားအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ အမျိုးသမီး များအား အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသား အဆင့်ကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးတွင် အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီး ကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီက ရေးဆွဲ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံချက်(မူကြမ်း)အပေါ် ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ(၇)ရက်နေ့တွင် ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ်နှင့် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုဆိုင်ရာကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် Ms. Pramila Patten တို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၌ လက်မှတ် ရေးထိုးခဲ့သည့် Joint communique နှင့် ပတ်သက်၍ အမျိုးသားကော်မတီနှင့် လုပ်ငန်းကော်မတီ များက အစည်းအဝေးများ ကျင်းပခဲ့ပြီး အကြံပြုချက်များကို (၃) ကြိမ် တောင်းခံခဲ့ပြီး ဖြစ်ကြောင်း၊ ရရှိလာသော အကြံပြုချက်များဖြင့် မိမိတို့နိုင်ငံအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အဖြစ် ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်း များမှ လုပ်ငန်းစီမံချက်တွင် ဖြည့်စွက်ရန် ပေးပို့လာသည့် အကြံပြုချက်များရှိကြောင်း၊ ထိုအကြံပြု ချက်များကို ဝိုင်းဝန်းညှိနှိုင်းဆွေးနွေး၍ အဖြေရရှိအောင် ဆောင်ရွက် ပေးစေလိုကြောင်း၊ ဖြည့်စွက်ရန် အကြံပြုလာသည့် အချက်များဖြစ်သည့် အသက်ရှင်ကျန်ရစ်သူ၊ ကျူးလွန်ခံရသူများကို အဓိကထား၍ ဖြေရှင်းဆောင်ရွက်ရန်၊ လုံခြုံမှုနှင့် အကာအကွယ်ပေးနိုင်မှုရှိသည့် တိုင်ကြားနိုင်မှု ယန္တရားပိုမိုခိုင်မာစေရေးစသည့် အချက်များကို မိမိတို့အနေဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပြစ်မှုဆိုင်ရာဥပဒေများနှင့် သက်ဆိုင်ရာဥပဒေများပြင်ဆင်ရေးဆွဲရေးနှင့် ပတ်သက်၍ ဆောင်ရွက် ရန်ကိစ္စများရှိပါကြောင်း၊ သို့ရာတွင် အမျိုးသမီးများအကြမ်းဖက်မှု တားဆီး ကာကွယ်ရေးဥပဒေ (မူကြမ်း)ရေးဆွဲပြီးဖြစ်၍ လွှတ်တော်တွင်ဆွေးနွေးရန် စတင်ဆောင်ရွက်လျက် ရှိကြောင်း၊ လုံခြုံရေး ကဏ္ဍများရှိတာဝန်ရှိသူများအား စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ သင်တန်း များပေးခြင်းနှင့် Qualitative Indicator များဖြင့်တိုင်းတာရန်၊ UNအဖွဲ့အစည်းများ၊ UN Monitoring Analysis and reporting Arrangements (MARA) Working Group တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စသည့်အချက်များလည်း ပါဝင်ပါကြောင်း၊ မိမိတို့ကော်မတီအနေဖြင့် လုပ်ငန်းစီမံချက် အကောင် အထည်ဖော် တိုးတက်မှုများနှင့်စပ်လျဉ်း၍ UNCTFMR တို့အကြား တစ်နှစ်လျှင်(၃)ကြိမ် တွေ့ဆုံပွဲ များကို ဆောင်ရွက်သွားရန် ရှိကြောင်း၊ အမျိုးသမီးများအား အကြမ်းဖက်မှု တားဆီးကာကွယ် ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် ကော်မတီUN အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ကော်မတီဝင်များ၏ အမြင်သဘောထားများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးကြရန်နှင့် လုပ်ငန်းစီမံချက်အပေါ် ဆောင်ရွက်ရာတွင် ဖြစ်ပေါ်လာနိုင်သည့် ခက်ခဲမည့်အပိုင်းများကို ဖြေရှင်းနိုင် မယ့်နည်းလမ်းများကို ဝိုင်းဝန်းဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ထို့နောက် ပဋိပက္ခအတွင်း အမျိုးသမီးများအား အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားအဆင့်လုပ်ငန်းစီမံချက်အပေါ် UN အဖွဲ့အစည်းများမှ ပေးပို့ လာသော အကြံပြုချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော ကော်မတီဝင်များက လုပ်ငန်းစီမံချက်အပေါ် အကြံပြုချက်များအလိုက် ဆွေးနွေးကြပြီး ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်းများနှင့် ဆုံးဖြတ်ချက်ချခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။