ဖေဖော်ဝါရီလ၊ ၂၉ ၊ တွံတေး
လူမှုဝန်ထမ်းဦးစီးဌာန၊ တွံတေးမြို့ရှိအမျိုးသမီးများ ပြုစုစောင့်ရှောက်ရေးဌာနကိုလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေးနှင့်အဖွဲ့က ယနေ့နံနက်ပိုင်း၌ ကွင်းဆင်း ကြည့်ရှု၍ လုပ်ငန်းများစတင်နိုင်ရန် ဆောင်ရွက်ခဲ့ကြပါသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့၌ ဖွင့်လှစ်ထားသော အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာနသို့ ရောက်ရှိကြပြီး လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က တွံတေးမြို့၊ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာနရှိ ရုံးခန်းအဆောက်အဦ၊ အမျိုးသမီး သင်တန်းဆောင်များ၊ အိပ်ဆောင်များ၊ လမ်းမီးတိုင်များ၊ ရေစင်နှင့်ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများ ကို ပြန်လည်ပြုပြင် တည်ဆောက်နိုင်ရေးနှင့် ဝန်ထမ်းအင်အား ဖြည့်ဆည်းနိုင်ရေးတို့အတွက် စီစဉ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက မိမိတို့ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက် မှု တားဆီးကာကွယ်ရေးဥပဒေ(မူကြမ်း)ကို ရေးဆွဲထားပြီးဖြစ်၍ မကြာခင် အတည်ပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး အက်ဥပဒေကို ပြည့်တန်ဆာဆိုင်ရာ ဥပဒေ (မူကြမ်း)အဖြစ် ပြင်ဆင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဥပဒေများအတည်ပြုပြီး ပါက ဥပဒေအရ ရောက်ရှိလာသည့် အမျိုးသမီးများအား ဤဌာန၌ ပြုစုစောင့်ရှောက်နိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုနေရာသည် မြေနေရာအကျယ်အဝန်း၊ အဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးများ အဆင်ပြေသည့်အနေအထားရှိသည်ကို တွေ့ရှိရပါ ကြောင်း၊ ကျန်းမာရေးကိစ္စများလည်း လက်လှမ်းမီပါကြောင်း၊ ထို့ကြောင့် အဆောက်အဦများ အဆင့်မြှင့်တင်ဆောင်ရွက်ပြီးပါက အမျိုးသမီးများအား ပြုစုစောင့်ရှောက်ရေးအပြင် ဖွံ့ဖြိုးတိုးတက် ရေး လုပ်ငန်းများပါ ဆောင်ရွက်ပေးနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်းနှင့် ရေတို၊ ရေရှည် လုပ်ငန်းစီမံကိန်းများချမှတ်၍ ဖွံ့ဖြိုးမှုအကူအညီများ ညှိနှိုင်းရေးအဖွဲ့နှင့် ချိတ်ဆက်အကောင်အထည် ဖော်ကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ဒုတိယဝန်ကြီးက ဌာနတွင် ပြုစုစောင့်ရှောက်လျက်ရှိသည့် အမျိုးသမီးများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်ချက်များကို မေးမြန်း ဖြည့်ဆည်းပေးခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဌာနတွင် ပြုစုစောင့်ရှောက်လျက်ရှိသည့် အမျိုးသမီးများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်းနှင့် အဆင့်မြှင့်တင် ပြုပြင်တည်ဆောက်မည့် အဆောက်အဦများကို လိုက်လံကြည့်ရှုပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မြေနေရာကို ခြံစည်းရိုးကာရန်နိုင်ရေး တို့အတွက် စီစဉ်ဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
လူမှုဝန်ထမ်းဦးစီးဌာန၏ အမျိုးသမီးများပြုစုစောင့်ရှောက်ရေးဌာန (တွံတေး)ကို ၂၀၀၀ ပြည့်နှစ်၊ အမျိုးသားကျန်းမာရေးကော်မတီ အထူးအစည်းအဝေး ဆုံးဖြတ်ချက်အရ လူမှုဝန်ထမ်း ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာနတို့ ပူးပေါင်း၍ HIV/ AIDS ရောဂါရှိသူ အမျိုးသမီးများအား ပြုစုစောင့်ရှောက်ရန် တည်ထောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်အထိ အကျဉ်းဦးစီးဌာနမှ ပေးပို့သော သင်တန်းသူ (၂၂၄၂)ဦးအား ပြုစုစောင့်ရှောက်ပေးခဲ့ပါကြောင်း၊ အဆောက်အဦများ အဆင်မြှင့်တင် ပြုပြင်ခြင်းများနှင့် ပြည့်တန်ဆာဆိုင်ရာဥပဒေကို အတည်ပြုပြဋ္ဌာန်းခြင်းများ ဆောင်ရွက်ပြီးပါက ဥပဒေအရ လူမှုဝန်ထမ်းဦးစီးဌာနသို့ ပို့အပ်လာသည့်သူများအား ပြုစု စောင့်ရှောက်သွားမည်ဖြစ်ကြောင်းနှင့် အဆောက်အဦများ အဆင့်မြှင့်တင်ပြီးပါက လူငယ်သင်တန်း ကျောင်းများမှ နေရာအခက်အခဲရှိသည့် လူငယ်များအား ယာယီပြောင်းရွှေ့နေရာချထားနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR