လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည်(၅-၆-၂၀၁၆)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ဟင်္သာတခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေပေးအပ်ပွဲသတင်း

၁၊၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်၊ တာဝန်ရှိသူများနှင့်အတူ (၅-၆-၂၀၁၆)ရက်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သော ဟင်္သာတ ခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လေဘေးသင့်ဒေသများအတွက် ကျောင်းသုံးစာအုပ်နှင့် စာရေး ကိရိယာပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ ပြည်ထောင်စုအစိုးရအဖွဲ့အနေဖြင့် ပြည်သူအားလုံးလွတ်လပ်လုံခြုံ စွာ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်မှန်းချက်ထားရှိပြီး ပြည်သူကိုဗဟိုပြု၍ ပြည်သူ့ဆန္ဒနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေးလုပ်ငန်းများကို ကြိုတင်စီမံဆောင်ရွက်ထားရှိ ခြင်းဖြင့် ဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်ပါက ပြည်သူတို့၏ အသက်အိုးအိမ်ပစ္စည်းများ ဆုံးရှုံးမှု လျော့နည်းသက်သာစေမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများပူးပေါင်း ပါဝင်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဟင်္သာတခရိုင်သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများတွင် အသုံးပြု ရန် ထောက်ပံ့ငွေကျပ်(၁၁၈၅၀၀၀)နှင့် ဟင်္သာတမြို့နယ်နှင့် မြန်အောင်မြို့နယ်အတွင်းရှိ လေဘေးသင့်ဒေသများမှ ကျောင်းသား/ကျောင်းသူများအတွက် ကျပ်(၁၀)သိန်းတန်ဖိုးရှိ စာရေး ကိရိယာပစ္စည်း(၁၂)မျိုးအား ပြည်ထောင်စုဝန်ကြီးမှ ထောက်ပံ့ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပါသည်။
၂၊၊၄င်းနောက် ခရိုင်ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးမှူးရုံး၊ ကယ်ဆယ်ရေး ပစ္စည်းသိုလှောင်ရုံနှင့် ဝန်ထမ်းအိမ်ရာများအား လှည့်လည်ကြည့်ရှု၍ ကယ်ဆယ်ရေးပစ္စည်းများ သတ်မှတ်အိမ်ထောင်စုပြည့်မီရန် ဖြည့်တင်းထားရှိရေးနှင့် ထောက်ပံ့မှုလုပ်ငန်းများအား လျှင်မြန် စွာ တုံ့ပြန်ဆောင်ရွက်နိုင်ရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
၃၊၊ဆက်လက်၍ ဟင်္သာတမြို့တွင် ဖွင့်လှစ်ထားရှိသည့် မြန်မာနိုင်ငံ၏ တစ်ခုတည်း ဖြစ်သော သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပြည်သူလူထုအတွင်း သဘာဝဘေးဆိုင်ရာအသိပညာများ ပိုမိုကျယ်ပြန့်စွာ ရောက်ရှိစေခြင်းဖြင့် ဘေးဒဏ်ခုခံနိုင်စွမ်းရှိသော လူမှုအဖွဲ့အစည်းပေါ်ပေါက်လာစေရေး၊ လူသားအရင်းအမြစ်များ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေး၊ သဘာဝဘေးစီမံခန့်ခွဲမှုတွင် ပါဝင် ဆောင်ရွက်နေသူများ၏ စွမ်းဆောင်ရည်များမြှင့်တင်ပေးနိုင်ရေး၊ သင်ရိုးညွှန်းတမ်းနှင့် စပ်လျဉ်း၍ မိမိနိုင်ငံ၊ မိမိဒေသနှင့်ကိုက်ညီပြီး နိုင်ငံတကာအဆင့်မီသော သင်ရိုးညွှန်းတမ်းဖြစ်စေရေး၊ နိုင်ငံတကာတက္ကသိုလ်များ၊ သင်တန်းဌာနများ၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု မြှင်‌့တင်ရေးနှင့် နိုင်ငံတကာအဆင့်မီသင်တန်းဆင်းလက်မှတ်ပေးအပ်နိုင်ရေး ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
၄၊၊မွန်းလွဲပိုင်းတွင် ပုသိမ်ကယ်ဆယ်ရေးသိုလှောင်ရုံသို့ ရောက်ရှိပြီး ကယ်ဆယ်ရေးပစ္စည်း များအား ကြည့်ရှုပြီး ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံကာ အဂတိလိုက်စားမှုကင်းရှင်းရေး၊ ပွင့်လင်းမြင်သာမှုရှိရေး၊ စွမ်းဆောင်ရည်မြင့်မားရေးတို့ကို ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ပြည်သူနှင့်ထိတွေ့ပြီး ပြည်သူဗဟိုပြုလုပ်ငန်းများကို ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းရပ်များနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး သဘာဝဘေးဖြစ်ပွားပေါ်ပေါက်ပါက သတင်းအချက်အလက်မပြတ်တောက်စေရေး တပ်ဆင်ထား ရှိသည့် Single Side Band (SSB) ဆက်သွယ်ရေးစနစ်အား လပွတ္တာခရိုင်နှင့် လက်တွေ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။
၅၊၊ယင်းနောက် ပုသိမ်မူလတန်းကြိုကျောင်းသို့ရောက်ရှိပြီး ဤကျောင်းမှ ကလေးသူငယ်များ သည် အနာဂတ်ခေါင်းဆောင်များ၊ ပညာရှင်များဖြစ်ပေါ်လာနိုင်သဖြင့် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများနှင့်အညီ ပြုစုပျိုးထောင်ပေးရန် လိုအပ် ကြောင်းမှာကြားခဲ့ပါသည်။
၆၊၊ဆက်လက်၍ အမျိုးသမီးသက်မွေးပညာသင်ကျောင်းသို့ သွားရောက်၍ အလုပ်အကိုင် အခွင်‌့အလမ်းရရှိရေး ဝန်ကြီးဌာန၏ ရက်(၁၀၀)စီမံချက်ပါလုပ်ငန်းစဉ်တစ်ရပ်ဖြစ်သော သင်တန်း ကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု အခြေခံ၊ အဆင့်မြင့်နှင့် အထူးစက်ချုပ်သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ရန် ဆွေးနွေးပြီး စက်ချုပ်သင်တနး်များတွင် တက်ရောက်လျက်ရှိသော သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားခဲ့ပါသည်။
၇၊၊ဆက်လက်၍ ပုသိမ်ကလေးပြုစုရေးဌာနသို့ ရောက်ရှိပြီး ကာကွယ်စောင့်ရှောက်မှုလိုအပ် သော ကလေးသူငယ်များကို လူ့ဘောင်အဖွဲ့အစည်းအတွင်းသို့ ဝင်ဆံ့နိုင်စေရန်နှင့် အကျင့်စာရိတ္တ ကောင်းမွန်သူများအဖြစ်ရောက်ရှိလာစေရန် လူမှုဝန်ထမ်းနည်းလမ်းများဖြင့် ပြုစုပျိုးထောင် လေ့ကျင့်ပေးရန်လိုအပ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အပြည့်အဝခံစားနိုင်စေရေး ကာကွယ်စောင့်ရှောက်ပေးရန် လိုအပ်ကြောင်း မှာကြားပြီး လက်ခံစောင့်ရှောက်ထားရှိသည့် ကလေးများအား လှည့်လည် ကြည့်ရှုပြီး ကစားစရာနှင့် မုန့်များပေးအပ်ခဲ့ပါသည်။

Sign Up

Upcoming Events