အာဆီယံပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့အစည်း၊ အာဆီယံပြန်လည်ထူထောင်ရေးလုပ်ငန်းအစီအစဉ်ရေးဆွဲ ရေးအစည်းအဝေးနှင့် တတိယအကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး တို့အား ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်လေးကန်ရှိ ရွှေကျွန်းမျော (၂) ဟိုတယ်၌ စက်တင်ဘာလ (၂၂) ရက် နေ့၊ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ယင်းသို့ အဖွင့်အမှာစကားပြောကြားရာတွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် အရေးပေါ်တုံ့ပြန်မှုဆိုင်ရာ အာဆီယံသဘောတူစာချုပ်အကောင်အထည်ဖော်ရေးလုပ်ငန်းအစီအစဉ်အရ ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၌ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် ဦးဆောင်နိုင်ငံများဖြစ်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးစီမံကိန်း လမ်းညွှန်ရေးဆွဲရေးတွင် မြန်မာနိုင်ငံမှ ဦးဆောင်သူအဖြစ်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံက ပျက်စီးဆုံးရှုံးမှု စာရင်းကောက်ယူရေးတွင် ဦးဆောင်သူအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း ပြန်လည်ထူထောင်ရေးအစီအစဉ် ရေးဆွဲနိုင်ရေးအတွက် (UNDP) နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ ယခုရေးဆွဲအကောင်အထည်ဖော်သွားမည့် ပြန်လည်ထူထောင်ရေးအစီအစဉ်သည် အာဆီယံ အဖွဲ့ဝင်နိုင်ငံများနှင့် ကိုက်ညီသောဒေသစံနှုန်းအဖြစ် မှီငြမ်းကိုးကားဆောင်ရွက်နိုင်မည့် လမ်းညွှန်တစ်ခုဖြစ်စေရေး အတွက် ဝိုင်းဝန်းဆွေးနွေးကြရန်နှင့် ကျန်ရှိသည့် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်ကာလအတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့၏ ရည်မှန်းချက်ပေါက်မြောက်အောင်မြင်ရေးအတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြ ရန် တိုက်တွန်းမှာကြားလိုပါကြောင်း စသည်ဖြင့် အကျယ်တဝင့်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ UNDP ၏ Asia-Pacific Regional Centre (APRC) မှ Practice Coordinator ဖြစ်သူ Mr.Sanny Ramos Jegillos က အမှာစကားပြောကြားပါသည်။ အဆိုပါအစည်းအဝေးတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံများ၏ သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို မျှဝေခဲ့ကြပြီး အာဆီယံဒေသတွင်း၌ ရည်ညွှန်းအဖြစ်အသုံးပြုရန် ရေးဆွဲနေသည့်ပြန်လည်ထူထောင်ရေးအစီအစဉ် ရေးဆွဲရေးဆိုင်ရာ အာဆီယံလမ်းညွှန်နှင့် ပတ်သက်၍ တက်ရောက်သူများမှ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
စက်တင်ဘာလ (၂၃)ရက်နေ့တွင်ပင် ယင်းဟိုတယ်၌ အာဆီယံသဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး စားပွဲဝိုင်းလေ့ကျင့်ခန်းအစီအစဉ် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် အာဆီယံဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း အနာဂတ်ကာလတွင် သဘာဝဘေးအန္တရာယ်များကြောင့် ခံစားရသည့် ကြေကွဲဝမ်းနည်းဖွယ်ရာဖြစ်ရပ်များမှ ရှောင်ရှားနိုင်ရန် မိမိတို့အချင်းချင်း နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ မြှင့်တင်ရန်လိုအပ်ပါကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် စည်းလုံးညီညွတ်စွာဖြင့် အဆိုပါစိန်ခေါ်မှုနှင့် အခက်အခဲများကို ကျင်းပရခြင်းမှာ အာဆီယံဒေသအဆင့်၊ နိုင်ငံတော်အဆင့် ပြည်နယ်/ တိုင်းဒေသကြီး အဆင့်များတွင် ဆောင်ရွက်နေသည့် သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းစနစ်များကို ပိုမိုသိရှိနားလည်လျက် နောင်လာမည့် ဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်းစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
အစီအစဉ်အရ အာဆီယံဘေးစီမံခန့်ခွဲမှုဆိုင်ရာ လူသားချင်းစာနာမှုအကူအညီပေးရေးညှိနှိုင်းမှုဌာန (AHA Centre) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Said Faisal က အမှာစကားပြောကြားပါသည်။ အဆိုပါ လေ့ကျင့်ခန်းအစီအစဉ်၌ ဧရာဝတီတိုင်းဒေသကြီးတွင် ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ခံရမှုဖြစ်စဉ်အား ဇာတ်ညွှန်း ဖန်တီးလျက် မုန်တိုင်းသတင်းကြိုတင်သတိပေးချက် ထုတ်ပြန်ရေးအခြေအနေများအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား သဏ္ဍာန်တူလေ့ကျင့်ခန်း ဆောင်ရွက်ခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အောင်ပန်းမြို့၊ မူလတန်းကြိုကျောင်းတည်ဆောက်မည့် မြေနေရာအား ကြည့်ရှု၍ စံပြမူကြိုကျောင်းအမြန်ဆုံးဖွင့်လှစ်နိုင်ရေးအတွက် တာဝန်ရှိသူများကို လမ်းညွှန်မှာကြားခဲ့ပါသည်။