ဖေဖော်ဝါရီ ၂၄၊ ပေါင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့်အတူ မနေ့က ညနေပိုင်းက ပေါင်မြို့နယ်၊ ရဲပြားကျေးရွာတွင် ၂၀၁၉ ခုနှစ် မိုးသည်းထန်စွာရွာသွန်းပြီး မလတ်တောင်မြေပြိုမှုကြောင့် ဘေးသင့်သောပြည်သူများ ပြန်လည်နေရာချထားမည့်နေရာသို့ သွားရောက်ကြည့်ရှုခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် အဆိုပါကျေးရွာတွင် ပြည်နယ်သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဘေးသင့်ပြည်သူများကို ပြန်လည်နေရာချထားရန်အတွက် မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာများအသင်း(မွန်)က တာဝန်ယူတည်ဆောက်ပေးထားသောနေအိမ် (၂၃) လုံး တည်ဆောက်ထားရှိမှု၊ ရေရရှိရေး၊ လျှပ်စစ်မီးသွယ်တန်းရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြပါသည်။
ထို့နောက် သဲဖြူကုန်းကျေးရွာတွင် ပြည်နယ်အစိုးရက တည်ဆောက်လှူဒါန်းထားသော သဲဖြူကုန်း ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း နှစ်ထပ်ကျောင်းဆောင်သစ်အားလည်းကောင်း၊ ရဲပြားကုန်း ကျေးရွာ အခြေခံပညာမူလတန်းကျောင်းကို ဘေးကင်းလုံခြုံသောနေရာသစ်သို့ ပြောင်းရွှေ့တည်ဆောက် ထားရှိမှုအားလည်းကောင်း သွားရောက်ကြည့်ရှုခဲ့ကြပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည် မော်လမြိုင် ကမ်းနားလမ်းရှိ လမ်းလျောက်ညဈေးတန်းသို့သွားရောက်ခဲ့ပြီး ခင်းကျင်းရောင်းချလျက်ရှိသော ဈေးဆိုင်တန်းများကို သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်းသတင်းရရှိပါသည်။
Source: MOSWRR