၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးကြည်နှင့် တာဝန်ရှိသူများ လိုက်ပါလျှက် ၃-၆-၂၀၁၆ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ(Day Care Center for the Aged) သို့ ရောက်ရှိခဲ့ရာ ဂေဟာတာဝန်ရှိသူများ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
၂။ ပြည်ထောင်စုဝန်ကြီးမှ သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာအား လူမှုရေးအရ စောင့်ရှောက်ပေးမှုပေးရန် လိုအပ်လျှက်ရှိသော သက်ကြီးရွယ်အိုများအား စောင့်ရှောက်အကူအညီပေးရန်နှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက် စံနမူနာဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ထားရှိပါကြောင်း၊ ဝန်ကြီးဌာန၏ ရက်(၁၀၀) စီမံချက်တွင်လည်း ဦးစားပေးလုပ်ငန်းအစီအစဉ်တစ်ရပ်အဖြစ် ထည့်သွင်းဆောင်ရွက် လျှက် ရှိပါကြောင်း၊ လူမှုရေးစောင့်ရှောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အပန်းဖြေအနားယူမှု၊ အာဟာရကျွေးမွေးမှုတို့ကို အခမဲ့ဆောင်ရွက်ပေးခြင်းဖြင့် ဘိုးဘွားများ၏ ကျန်ရှိနေသေးသောဘဝသက်တမ်းတွင် ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်သော ဘဝများရရှိမှာဖြစ်ကြောင်း၊ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာများအား တိုးချဲ့ဖွင့်လှစ်ရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၃။ ဆက်လက်၍ ဂေဟာအတွင်းရှိ ဘုရားခန်း၊ သွားနှင့်ခံတွင်းဆေးခန်း၊ ထမင်းစားခန်း၊ စာကြည့်တိုက်၊ စိတ်ကြိုက်နားနေခန်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးခန်းတို့အား လှည့်လည်ကြည့်ရှု့၍ အဘိုးအဘွားများအား ရင်းရင်းနှီးနှီးတွေဆုံကာလိုအပ်သည်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်ပေးခဲ့ပါသည်။
၄။ ယင်းနောက် လူမှုရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကြိုတင်ကာကွယ်ခြင်းနှင့် ချက်ချင်းအရေးယူဆောင်ရွက်ခြင်းကဲ့သို့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများကို အလေးပေးဆောင်ရွက်ရန်အတွက် ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဆက်ဆံရေးဌာန(Public Relation Coner)သို့ ရောက်ရှိပြီး တယ်လီဖုန်း(သို့မဟုတ်)လူကိုယ်တိုင်ဖြင့် ဆက်သွယ်လာသော လူမှုရေးအခက်အခဲများနှင့် စပ်လျဉ်း၍ ပြည်သူ့အတွက် လိုအပ်သော ဝန်ဆောင်မှုများကို ပြည်သူများထံ သတင်းအချက်အလက်မျှဝေရန်၊ အသိပညာပေးရန်နှင့် ဆက်သွယ်ရမည့် တယ်လီဖုန်းအမှတ်- ၀၉-၄၅၃၁၉၇၂၂၅ အား ပြည်သူများသိရှိစေရေး ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
၅။ ဆက်လက်၍ သက်ကြီးရွယ်အိုများ ပြုစုစောင့်ရှောက်မှုသင်တန်း(Care Giver) တက်ရောက်လျှက်ရှိသော သင်တန်းသား/သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းများတွင် အမှန်တစ်ကယ်လက်တွေ့ အသုံးချဆောင်ရွက်နိုင်သူများဖြစ်ရန် ကြိုးစားဆောင်ရွက်ရန် မှာကြားခဲ့ပါသည်။
၆။ ယင်းနောက် အသက်(၁၈)နှစ်အောက် မိဘမဲ့၊ ခိုကိုးရာမဲ့ အမျိုးသမီးကလေးများကို လက်ခံပြုစုစောင့်ရှောက်လျှက်ရှိသော မရမ်းကုန်းမြို့နယ်၊ မလိခလမ်းရှိ အမျိုးသမီးကလေးများသင်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအုပ်၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ သင်တန်းကျောင်းရှိကလေးများအား နိုင်ငံတော်မှ ချမှတ်ထားသည့် လူမှုဝန်ထမ်းဆိုင်ရာ မူဝါဒများနှင့် အညီ ကာယဉာဏ၊ စာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ပြီး စက်ချုပ်သင်တန်း၊ ကွန်ပြူတာသင်တန်း ဖွင့်လှစ်ပို့ချနေမှုများ၊ မူလတန်းပညာသင်ကြားနေမှုများကို လှည့်လည် ကြည့်ရှု့ပြီး ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။
၇။ ယင်းနောက် အကြောင်းအမျိုးမျိုးကြောင့် မိမိဘဝရပ်တည် နိုင်ခြင်း မရှိသော (၁၈)နှစ်အထက် အမျိုးသမီးများကို လက်ခံစောင့်ရှောက်ထားရှိပြီး အမျိုးသမီးများဘဝမြှင့်တင်ရေး၊ ကာကွယ်စောင့်ရှောက်ရေး၊ အလုပ်အကိုင်နေရာချထားပေးရေးတို့ကို ဆောင်ရွက်လျှက်ရှိသည့် သံလွင်လမ်း၊ ကမာရွတ်မြို့နယ်ရှိ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ရောက်ရှိပြီး ကျောင်းရှိအမျိုးသမီးများကို လေ့ကျင့်သင်ကြားပေးနေသည့် ယက္ကန်း၊ အိမ်တွင်းအချုပ်အလုပ်၊ ဇာထိုးပန်းထိုး၊ ဆိုဖာ/ကူရှင်ချုပ်သင်တန်းများနှင့် လက်မှုပညာပစ္စည်းများ အရောင်းဆိုင်နှင့် ထုတ်လုပ်နေမှုအား လှည့်လည်ကြည့်ရှု့ကာ ခိုကိုးရာမဲ့နေသောအမျိုးသမီးငယ်များ ဘဝမြှင့်တင်ပြီး မိမိဘဝကို ကိုယ်တိုင်ပျိုးထောင်ရပ်တည်နိုင်ရန် ကောင်းမွန်သော လက်မှုပညာပစ္စည်းများ ထုတ်လုပ်ရောင်းချမှုအား ပိုမိုတိုးတက်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပါသည်။
၈။ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တွေ့ဆုံ၍ ရန်ကုန်မြို့ရှိ လမ်းပေါ်နေကလေးများ၊ တောင်းရမ်းစား သောက်သူများ၊ ခိုကိုးရာမဲ့များ၊ စောင့်ရှောက်သူမဲ့မသန်စွမ်းသူများအား ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းစီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။