ယာယီခိုလှုံရာစခန်းများရှိ နေရပ်စွန့်ခွာသူများကို မဟာဗျူဟာနှင့်အညီ ပြန်လည်နေရာချထားရေး စီမံချက်လမ်းညွှန်ရေးဆွဲရန်ညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း

 

21_Pic_01

ဖေဖော်ဝါရီ ၂၀၊ နေပြည်တော်

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ စခန်းများပိတ်သိမ်းနိုင်ရေးအတွက် စီမံချက် (Action Plan)များ စနစ်တကျရေးဆွဲအကောင်ထည်ဖော်ဆောင်ရွက်နိုင်ရန် လမ်းညွှန် (Guideline)ရေးဆွဲရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဆက်နွယ်ဝန်ကြီးဌာနများနှင့် ပြည်နယ်အစိုးရအဖွဲ့များမှ ကိုယ်စားလှယ် များ၊ UEHRD မှ ကိုယ်စားလှယ်များ၊ ဆွစ်ဇာလန်နိုင်ငံမှ International Consultant, Prof. Walter Kaelin တို့ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာနိုင်ငံအတွင်းပဋိပက္ခများကြောင့်  IDP စခန်းများဖွင့်လှစ်ခဲ့ရာ လက်ရှိတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ စခန်း (၁၂၈)ခုဖွင့်လှစ်ထားပါကြောင်း၊ အဆိုပါ စခန်းများမှာ ယာယီသာဖြစ်သင့်သည့်အတွက် စခန်းနေသူများကို ပြန်လည်နေရာချထားရေးနှင့် ဆက်စပ်လုပ်ငန်းများဆောင်ရွက်ပေးရန် မိမိတို့အစိုးရ၏ တာဝန်ဖြစ်ပါကြောင်း၊ ထို့အတွက် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့ပြီး IDP စခန်းများ ရှိသည့် ပြည်နယ်များတွင် ရှင်းလင်းဆွေးနွေးပြီးဖြစ်ပါကြောင်း၊ အဆိုပါ မဟာဗျူဟာနှင့်အညီ လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စခန်းများအလိုက် စီမံချက် (Action Plan) များရေးဆွဲ ကြရမည်ဖြစ်ရာ လမ်းညွှန်(Guideline)ရှိရန် အရေးကြီးပါကြောင်း၊ လက်ရှိစခန်းများအနက်မှ မည်သည့်စခန်းများကို ဉီးစားပေးနေရာပြန်လည်ချထားရန်ရွေးချယ်ခြင်း၊ ဆောင်ရွက်ချိန်တွင် စခန်းတွင်းနေထိုင်သူများ၏ ပညာရေး၊ ကျန်းမာရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများကိုပါ အလေးထားဆောင်ရွက်မှသာ ရေရှည်တည်တံ့မည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာနှင့်အညီ လုပ်ငန်း များဆောင်ရွက်ရာတွင် စခန်းတွင်နေထိုင်သူများ၏ ဆန္ဒများရယူဆွေးနွေးပြီး လက်တွေ့မြေပြင် အခြေအနေများကိုပါ ပေါင်းစပ်ထည့်သွင်းဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ဖြစ်ရပ်စီမံခန့်ခွဲမှုအဖွဲ့ (Case Management Team) များဖွဲ့စည်း၍ ကွင်းဆင်းဆန်းစစ်မှုများဆောင်ရွက်ရန် လျာထားပါကြောင်း၊  ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာကော်မတီများကို အမျိုးသားအဆင့်၊ ပြည်နယ်အဆင့်များအနေဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လမ်းညွှန်(Guideline) ရေးဆွဲရာတွင် လူမှုရေးအဖွဲ့အစည်းများ၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့များ၊ စခန်းတာဝန်ခံများနှင့် ဒေသခံလူထုများအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအမံများ စနစ်တကျ ထည့်သွင်းရေးဆွဲနိုင်ရေး အလေးထားဆွေးနွေးပေးစေလိုကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

ထို့နောက် မဟာဗျူဟာရေးဆွဲစဉ်ကပင် နိုင်ငံတော်၏ ဉီးဆောင်မှုအောက်တွင် ဝန်ကြီးဌာနနှင့် အတူ ပံ့ပိုးကူညီခဲ့သည့် ဆွစ်ဇာလန်နိုင်ငံမှ International Consultant, Professor Walter Kaelin က မဟာဗျူဟာပါလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မြေပြင်အခြေအနေ သိရှိစေရန် ရှမ်းပြည်နယ်ရှိ IDP စခန်းများသို့ ကွင်းဆင်းသွားရောက်ခဲ့သည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီးက ပြည်နယ်အသီးသီး၌ ယခင်ကဆောင်ရွက်ခဲ့သည့် ပြန်လည်နေရာချထားမှုများမှ ရရှိသည့် အတွေ့အကြုံများအား ပြန်လည်ရည်ညွှန်းအသုံးပြုနိုင်ကြောင်း၊ လတ်တလောတွင်လည်း ကချင်ပြည်နယ်အတွင်း ပြန်လည်နေရာချထားမှုများအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၏လမ်းညွှန်မှုနှင့်အညီ ဆောင်ရွက်နေမှုအခြေအနေများ၊ ပြန်လည်နေရာချ ထားရေးအတွက် ဆွေးနွေးကြရာတွင် ဒေသအလိုက် မတူညီကြသည့် လူမှုအသိုက်အဝန်းများ အကြား ဉီးစားပေးဖြေရှင်းရမည့်ကိစ္စများ၊ မတူကွဲပြားသော်လည်း အကောင်းဆုံးဆောင်ရွက်နေမှု အခြေအနေများ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖော်ဆောင်ရာတွင် ဒေသအခြေအနေနှင့် ကိုက်ညီမှုရရှိမှသာ အကျိုးရရှိမည်ကို လက်တွေ့လုပ်ငန်းဆောင်ရွက်ခဲ့မှုများမှရရှိသည့် အတွေ့ အကြုံများနှင့် နှိုင်းယှဉ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စားလှယ်များက IDP စခန်းများတွင် နေထိုင်သူများအတွက်ပြန်လည်နေရာချထား ရေးနှင့် စပ်လျဉ်းသည့်လုပ်ငန်းအစီအမံများ လက်ရှိဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UEHRD မှ  တက်ရောက်လာသူများက ကဏ္ဍအလိုက် အကြံပြုမေးမြန်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_feb 2020

 

Sign Up

Upcoming Events