ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့ သတ္တမအကြိမ် အစည်းအဝေးကျင်းပမှုသတင်း

18_Pic_01
ဖေဖော်ဝါရီလ ၁၇ ၊ နေပြည်တော်
ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်မြောက်အစည်းအဝေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ဝန်ကြီးများ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က အဖွင့်အမှာစကားပြောကြားရာတွင် “ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆိုင်ရာ လုပ်ငန်းအဖွဲ့”ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက (၄-၁၀-၂၀၁၈)ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများပါဝင်သော အဖွဲ့ဝင်(၁၄)ဦးဖြင့် ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းခဲ့သည့် သက်တမ်းမှာ (၁)နှစ်ကျော် ကြာမြင့်ပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်(၁၁)ချက် သတ်မှတ်ပေးပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း တာဝန်များမှာ ဖားကန့်ဒေသတွင် နေထိုင်သည့် မိသားစုများ၏ ဒုက္ခများ၊ အခက်အခဲများကို ကယ်တင်နိုင်ရန်၊ လူမှုအဆင့်အတန်းရှိနိုင်ရန်၊ ထိရောက်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဖြစ်နိုင်ရေးအတွက် စီမံချက်များချမှတ်ရန်၊ ဖားကန့်ဒေသအတွင်းနေထိုင်သူများအတွက် အခြေခံလူ့အခွင့်အရေး၊ ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်ရန်၊ ထိုသို့ဆောင်ရွက်ရာတွင် မြေလွတ်၊မြေရိုင်းများကို စီမံခန့်ခွဲမှုဉပဒေနှင့် အညီဆောင်ရွက်ရန်၊ အခြေခံလူတန်းစားများဖြစ်သည့် ရေမဆေးကျောက်ရှာဖွေသူများအနက် မူးယစ်ဆေးစွဲသူများအား မူးယစ်ဆေးသံသရာမှ လွတ်မြောက်စေရေးအတွက် ဆောင်ရွက်ပေးရန် တို့ဖြစ်ပါကြောင်း၊ ဖားကန့်ဒေသ၏ သဘာဝတွင်းထွက်ပစ္စည်းများနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဆောင်ရွက်နိုင်လှျင် နိုင်ငံအတွက် ဂုဏ်တင့်ပြီး အေးချမ်းသာယာသော ဒေသတစ်ခု ဖြစ်လာနိုင်သည့်အတွက် လက်ရှိအနေအထားအရ အဆိုပါအခြေအနေများကို ရောက်ရှိရန် ရေရှည် အကောင်အထည်ဖော်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် ထိရောက်စွာ အကောင် အထည်ဖော်ဆောင်နိုင်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် ပြည်နယ်အဆင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ဘဏ္ဍာငွေ ရရှိရေး သည်လည်း အဓိကကိစ္စတစ်ရပ်ဖြစ်သည့်အတွက် တက်ရောက်လာသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ခွဲအလိုက် ဘဏ္ဍာငွေ ရရှိနိုင်ရေးကို အထူးအလေးထား ဆွေးနွေးပေးစေ လိုကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြား ရာတွင် ဖားကန့်ဒေသ၌ မူးယစ်ဆေးဝါးကိစ္စရပ်သည် အရေးကြီးသည့် ကိစ္စရပ်တစ်ခုဖြစ်သည့်အတွက် မူးယစ်ဆေးဝါးများ ဝင်ရောက်မှု မရှိစေရေးနှင့် ဝင်ရောက်မှုနည်းပါးအောင် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ကိစ္စရပ်တစ်ခုပင် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်အနေဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်လျက်ရှိပါသဖြင့် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေကြောင်း၊ ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအရေးသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း၊ တရားဉပဒေစိုးမိုးနိုင်ရေးအတွက် ငြိမ်းချမ်းရေးဖြစ်စဉ်သည် အဓိကကျပါကြောင်း၊ ရွှေ့ပြောင်းအလုပ် သမားများကို ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် ပြည်ထောင်စုအဆင့်ဆင့်နှင့် ပြည်နယ်အဆင့် များအကြား တာဝန်ယူမှုတာဝန်ခံမှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူးဖြစ်သည့် ပြန်လည် ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က (၂၆.၉.၂၀၁၉)ရက်နေ့တွင် ကျင်းပဆောင်ရွက်ခဲ့သည့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ်အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်မှုများအားတင်ပြခဲ့ရာ အစည်းအဝေးတက်ရောက်လာသည့် တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က နိဂုံးချုပ်အနေဖြင့် ဆွေးနွေး ချက်များသည် ပြည့်စုံကောင်းမွန်သည့် အချက်အလက်များဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးပြဿနာများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များဖြစ်သော်လည်း မိမိတို့အနေဖြင့် အစဉ်တစိုက် ဦးစားပေး ဆောင်ရွက်နေရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပြဿနာ နှင့်စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အသိအမြင် ဗဟုသုတတိုးပွားလာနိုင်စေရေး အတွက် လူငယ်များပါဝင်၍ နည်းပြသင်တန်းများ ဖွင့်လှစ်သင်ကြားပေးပြီး၊ လိုအပ်သည့် အဓိကနေရာများသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရေးနှင့် တစ်နိုင်ငံလုံးအတိုင်းအတာအထိ ထိရောက်သော မူးယစ်ပညာပေး လွှမ်းခြုံနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါ အစီအစဉ်အတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စရပ်များကိုပါ ထည့်သွင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေတောင်းခံသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ လုပ်ငန်းအဖွဲ့ခွဲများအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေ (သို့မဟုတ်) ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တောင်းခံ သွားနိုင်ရေးအတွက် ကုန်ကျစရိတ်များ တွက်ချက်ကာ တင်ပြဆောင်ရွက်ရန် လိုအပ်ပါကြောင်းနှင့် မြေယာများကို ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရတနာမြေဖြစ်၍ နေရာ သတ်မှတ်ရန် အခက်အခဲရှိသောကြောင့် ယာယီသာ နေရာချထားပေးနိုင်ရေးကို အလေးပေး ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်။

Source: MOSWRR

#hl1
#npw_feb 2020

Sign Up

Upcoming Events