ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးရွာများ ရှိ ကျောင်းသား ကျောင်းသူကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများ လှူဒါန်းပွဲတက်ရောက်မှုသတင်း

 

17_Pic_01

ဖေဖော်ဝါရီ ၁၆ ၊ ကသာ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် ကျေးရွာများရှိ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ ACCOR Hotel Myanmar အဖွဲ့နှင့် ပူးပေါင်း၍  ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ်လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစားများ လှူဒါန်းပေးအပ်ပွဲ အခမ်းအနားသို့ ယနေ့နံနက်ပိုင်းက တက်ရောက်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ ဝန်ကြီးဌာနတာဝန်ရှိသူများနှင့် ကသာခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကသာမြို့၊ တောင်ပေါ်ကျောင်းတိုက်၊ ပရဟိတ (ဘဝမြှင့်တင်ရေး)၊ အမှတ်(၁) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ သွားရောက်ကြပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမျှော်ကြည်ညို၍  လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၏ ပရဟိတအဖွဲ့အစည်းများကို ပုံမှန်ထောက်ပံ့မှု လုပ်ငန်းစဉ်၌ အကျုံးဝင်ရန် ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို ရှင်းလင်းလျောက်ထားကာ ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ကျောင်းအကျိုးတော်ဆောင်များထံ ပေးအပ်ခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ချောင်းဝကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်း (ခွဲ) သို့သွားရောက်ကြပြီး ကျေးရွာများမှ ကျောင်းသူ၊ ကျောင်းသားများအတွက် အသက်ကယ်အင်္ကျီများ၊ စက်တပ်လှေများ၊ ကျောင်းဝတ်စုံများနှင့် အဝတ်အစားများ လှူဒါန်း ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်ခဲ့ကြ ပါသည်

အဆိုပါအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင်  ကမ္ဘာ့ရာသီ ဥတု ပြောင်းလဲလာမှုကြောင့် သဘာဝဘေးဒဏ်များကို ပိုမိုပြင်းထန်စွာ ခံစားနေကြရပါကြောင်း၊ မြန်မာနိုင်ငံသည် ရေကြီး၊ ရေလျှံမှုအန္တရာယ်ကို နှစ်စဉ်ကြုံတွေ့ခံစားရလေ့ရှိပါကြောင်း၊ မိုးကြီးခြင်း၊ မြစ်ရေလျှံခြင်းများကြောင့် ရေနစ်မြုပ်မှုဘေးနှင့် မတော်တဆ စက်လှေတိမ်းမှောက်မှုအန္တရာယ်များ ကြုံတွေ့ရလေ့ရှိပါကြောင်း၊ ပြီးခဲ့သော ၂၀၁၈ − ၂၀၁၉ ဘဏ္ဍာရေးနှစ် ရေဘေးကာလအတွင်း စက်လှေတိမ်းမှောက်မှု (၈)ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးသည် ရေဘေးအန္တရာယ် အဆိုးရွားဆုံးထိခိုက်ခံစားရသော ဒေသထဲတွင် တစ်ခုဖြစ်ပါကြောင်း၊ သဘာဝဘေးကြောင့်  ထိခိုက်ဆုံးရှုံးရမှုများ၌ လူ့အသက်အန္တရာယ်ထိခိုက်ခြင်းသည် အဆိုးရွားဆုံးဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သဘာဝဘေးကိုစီမံခန့်ခွဲရာတွင် လူ့အသက်မဆုံးရှုံးစေရန်သည် အလေးထား ဦးစားပေး ဆောင်ရွက်ရမည့်အချက်ဖြစ်ပါကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဘေးဒဏ်ကြံ့ကြံ့ခံရင်ဆိုင်နိုင် စွမ်းရှိသော လူ့အသိုက်အဝန်းဖြစ်ပေါ်လာစေရန် အတွက် မူဝါဒချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့အခမ်းအနား၏ ရည်ရွယ်ချက်သည်  ရေနှစ်မြုပ်မှုဘေးကြောင့် အသက်ဆုံးရှုံးရခြင်းများမှ ကာကွယ်နိုင်ရန်အတွက် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများ လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ လူ့ဘဝသည် မျှော်လင့်ချက်ဖြင့် အသက်ရှင်ရသည်ဖြစ်ရာ ကျောင်းသားလူငယ်များသည် မိမိတို့ ရည်မှန်းချက် ပန်းတိုင်သို့ရောက်ရှိစေရန် ပညာသင်ယူရာတွင် ရေလမ်းခရီးကိုအသုံးပြုရင်း အန္တရာယ်ကြုံတွေ့ပါက အသက်ဆုံရှုံးသည်အထိ ဖြစ်နိုင်ပြီး ရည်မှန်းချက်များ ပျောက်ကွယ်သွား နိုင်ပါကြောင်း၊ ယနေ့ကျောင်းသားသူငယ်များသည် အနာဂါတ်အတွက်တန်ဖိုးရှိသော လူသားအရင်း အမြစ်များဖြစ်၍  ကျောင်းသား၊ လူငယ်များ လုံခြုံစိတ်ချစွာ ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် မိမိတို့တွင်တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကို အစိုးရနှင့် ပြည်သူ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့လှူဒါန်းပွဲတွင် ACCOR Hotel Myanmar  ဝန်ထမ်းများစုပေါင်း၍  ခြိုးခြံချွေတာစုဆောင်းထားသော ငွေများဖြင့် လူမှုအကျိုးပြု လုပ်ငန်းအဖြစ် ဤဒေသရှိ လိုအပ်ချက်ကို ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းဖြေရှင်း ပေးခြင်းဖြစ်ကြောင်း၊ ဤဒေသရှိ ကျောင်းသူ၊ ကျောင်သားများသည် မိုးတွင်ကာလတွင် ရေလမ်းခရီးဖြင့် ကျောင်းများသို့ သွားရောက်ရာ၌ အသုံးပြုသော စက်လှေများမလုံလောက်ခြင်း၊ ရာသီဥတုဆိုးရွားမှု၊ စက်ပစ္စည်းချို့ယွင်းမှုနှင့် လူများ၏ပေါ့ဆမှုများကြောင့်လည်း စက်လှေတိမ်း မှောက်မှုများ ဖြစ်ပေါ်လာနိုင်ပါသဖြင့် အရည်အသွေးကောင်းမွန်သော စက်လှေများကို စနစ်တကျ အသုံးပြုနိုင်ရန် လိုအပ်လာ ပါကြောင်း၊ မတော်တဆ စက်လှေတိမ်းမှောက်မှုဖြစ်ပွားပါကလည်း အသက်အန္တရာယ်ကာကွယ် နိုင်ရန် အသက်ကယ်အင်္ကျီများ မဖြစ်မနေလိုအပ်ပါကြောင်း၊ ယနေ့လှူဒါန်းမှုအစီအစဉ်၏ အနှစ်သာရသည်  “Jackets for lives” အသက်များ၊ ဘဝများအတွက် အသက်ကယ်အင်္ကျီများလိုအပ်မှုကို ဖေါ်ညွှန်းဆောင်ရွက် ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်တွင် ဒီမိုကရေစီစနစ်ကိုတည်ဆောက်ရာ၌ အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများက ပံ့ပိုးကူညီ ပူးပေါင်းပါဝင် ရန်လိုအပ်သကဲ့သို့ ထိုသို့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းခြင်းသည် ဒီမိုကရေစီအဆင့်အတန်းကို မြှင့်တင်ခြင်းဖြစ်ကြောင်း၊ ယနေ့လှူဒါန်းမှုသည် ပြည်သူမှ ပြည်သူသို့ လှူဒါန်းပံ့ပိုး ကူညီခြင်းဖြစ်ကြောင်းနှင့် ကလေးသူငယ်များ၏ အသက်ရှင်သန်ခွင့်နှင့် ဖွံ့ဖြိုးတိုးတက်ခွင့်  အခွင့်အရေးများကိုလည်း ဖော်ဆောင်ပေးရာရောက်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ACCOR Hotels Myanmar အဖွဲ့၏ကိုယ်စား M Gallery Hotel မှ အထွေထွေ မန်နေဂျာက  မိမိတို့အဖွဲ့အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ACCOR Hotels အဖွဲ့က ချမှတ်ပေးထားသော ပြည်သူ့အကျိုးပြုလူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရန်တာဝန် ( Corporate Social Responsibility – CSR) အရ  ဝန်ထမ်းများ၏စုပေါင်း ခြိုးခြံချွေတာမှုများဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ရခိုင်ပြည်နယ်ရှိ လျှပ်စစ်မီး မရရှိသေးသောဒေသများ၌ Light for Lives အစီအစဉ်ဖြင့် ဆိုလာမီးလုံး ၄၅၀ လှူဒါန်းခဲ့ပါကြောင်း၊ ယခုနှစ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ Jackets for Lives အစီအစဉ်ဖြင့် အသက်ကယ်အင်္ကျီများနှင့် စက်တပ်လှေများကို လှူဒါန်းခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ACCOR Hotels Myanmar အဖွဲ့က ချောင်းဝကျေးရွာ အုပ်စု၊ သမန်းဒေါင့်ကျေးရွာအတွက် စက်တပ်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီများ၊ သံပုရာကျေးရွာ အုပ်စု၊ သံပုရာကျွန်း အတွက် စက်တပ်လှေ (၂)စီးနှင့် အသက်ကယ်အင်္ကျီများ၊ သံပုရာကျေးရွာအုပ်စု၊ ကျောက်ပုံကျေးရွာ အတွက် စက်တပ်လှေေ(၁)စီးနှင့် အသက်ကယ်အင်္ကျီများ၊ အင်းကြီးကျေးရွာအုပ်စု၊ မယ်ငိုကျေးရွာ အတွက် စက်တပ်လှေ(၁)စီးနှင့် အသက်ကယ်အင်္ကျီများကို အသီးသီးပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ACCOR Hotel Myanmar အဖွဲ့ထံသို့ ဂုဏ်ပြု မှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ပါသည်။

ယင်းနောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဆိုင်ရာဦးစီးဌာနက ကျောင်းသူ၊ ကျောင်းသား များအတွက် ကျောင်းဝတ်စုံများနှင့် အဝတ်အစားများကို  ပံ့ပိုးထောက်ပံ့ပေးခဲ့ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အလှူရှင်များ၊ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ လှူဒါန်းထားသော စက်တပ်လှေများကို လှည့်လည်ကြည့်ရှု ကြပြီး မှတ်တမ်းဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

ယင်းနောက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးတို့ က မိမိတို့ဒေသရှိ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအတွက် ယခုလိုလှူဒါန်း ပံ့ပိုးမှုများ အတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြာခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1– hl2
#npw_feb 2020

 

Sign Up

Upcoming Events