ကရင်ပြည်နယ်တွင် တိုက်ပွဲရှောင်ပြည်တွင်းနေရပ်စွန့်ခွာသူ (IDP) များ ပြန်လည်နေရာချထားရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီဆောင်ရွက်ရန် ကွင်းဆင်းညှိနှိုင်းမှုသတင်း

8_Pic_01

8_Pic_02

ဖေဖော်ဝါရီ  ၈ ၊  ဘားအံ

ကရင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်တွင်းနေရပ်စွန့်ခွာသူများ၏စခန်းများကို ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ပိတ်သိမ်းဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်၊ စုံနံ့သာမြိုင် ဆွေမြို့တော်၊ မြိုင်ကြီးငူအထူးဒေသသို့ ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သော အဖွဲ့က ကွင်းဆင်းကြည့်ရှု ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ နယ်ခြားစောင့်တပ်နယ် (၁)၊ ဒုတိယဗိုလ်မှူးကြီး ကျော်ထူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါဆောင် ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူအထူးဒေသရှိ တိုက်အုပ်ဆရာတော် ဘဒ္ဒန္တအရှင်ဉာဏ္ဏိတထံသို့ သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ကရင်ပြည်နယ်အတွင်း ရှိတိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများအား ပြန်လည်နေရာချထားပေးရေးနှင့် ယာယီခိုလှုံရာစခန်းများကို စနစ်တကျ ပိတ်သိမ်းရေးလုပ်ငန်းများကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီ ဆောင်ရွက်ပေးမည့်ကိစ္စများနှင့် ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ ဆရာတော်၏အကြံပြုမှုများ ရယူခဲ့ကြပါသည်။

ထို့နောက် ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းခြင်းနှင့် မြိုင်ကြီးငူအထူးဒေသ တွင် ရောက်ရှိနေကြသော ပြည်တွင်းနေရပ်စွန့်ခွာကြသည့် တိုက်ပွဲရှောင်တိုင်းရင်း သားပြည်သူ (၅,၂၈၁) ဦးအတွက် တစ်လစာဆန်ရိက္ခာဖိုး ငွေကျပ် (၄၇,၅၂၉,၀၀၀) အား ပေးအပ်ခဲ့ကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တိုက်ပွဲရှောင်ကျေးရွာ (၂၄) ရွာ၏ ရွာလူကြီးများနှင့် တွေ့ဆုံ၍ အကြောင်းအမျိုးမျိုးကြောင့် ယာယီခိုလှုံရာစခန်းများသို့ လာရောက်နေထိုင်ကြသော မိမိတို့၏ တိုင်းရင်းသားပြည်သူများနှင့် မျိုးဆက်သစ်ကလေးသူငယ်များအတွက် ပိုမိုကောင်းမွန်သော အခြေအနေ များကို ဖန်တီးပေးနိုင်ရန် အစိုးရကဦးဆောင်ပြီး အားလုံးပူးပေါင်းမှုဖြင့် ဆောင်ရွက်မည့်အစီအစဉ်များကို လာရောက်ရှင်းလင်းဆွေးနွေးခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင်ရှိသော ယာယီခိုလှုံရာစခန်းများရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ၏ အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်ရန် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူ ဟာကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲရှောင် တိုင်းရင်းသားပြည်သူများ အတွက် ပြန်လည်နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ဘေးကင်းလုံခြုံမှုရှိရေး၊ ဂုဏ်သိက္ခာ ရှိရေးနှင့် မှီခိုမှုကင်းသောဘဝများ ပြန်လည်ရပ်တည်နိုင်ရေးအတွက်ရည်ရွယ်၍ ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ပြန်လည်နေရာချထားရေး နေရာရွေးချယ်ရာတွင် မိမိတို့မူလ နေထိုင်ရာဒေသ (သို့မဟုတ်) မူလနေထိုင်ရာဒေသနှင့်အနီးစပ်ဆုံးနေရာ (သို့မဟုတ်)  အားလုံးသဘေတူရွေးချယ်မှုများဖြင့် သင့်လျော်သည်ဟု သတ်မှတ်သောနေရာများဖြစ်ကြောင်း၊ အဆိုပါကိစ္စများ အတွက် တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများ၏ သဘောထားအမြင်များကိုသိရှိလို၍ လာရောက်ဆွေးနွေးခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့်  စတင်တာဝန်ယူချိန်မှစ၍  တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်ပါကြောင်း၊ ကရင်ပြည်နယ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ စံနမူနာပြဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ငြိမ်းချမ်းသည့်အခြေအနေကို ဆက်လက်တည်မြဲအောင် ထိန်းသိမ်းပေးကြပါရန် တိုက်တွန်း လိုပါကြောင်း၊ ယခုလာရောက်ဆွေးနွေးခြင်းသည် ပြည်ထောင်စုသားချင်းများအားလုံး၏ ဘုံရည်မှန်းချက် ဖြစ်သည့်  ဒီမိုကရေစီဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် အားလုံးသာတူညီမျှခံစားရရှိရေး အတွက် ဆောင်ရွက်ခြင်း၏ ကြိုးပမ်းမှုတစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် မိမိတို့၏အကျိုးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါ ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က  တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများ အတွက် ယခုထက်သာလွန်ကောင်းမွန်သောနေရာများ၊ အခြေအနေများ ဖန်တီးဆောင်ရွက်ပေးရန် လာရောက်ဆွေးနွေးခြင်းဖြစ်ရာ မိမိတို့၏ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် စဉ်းစားပေး၍ ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းစကားပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြိုင်ကြီးငူ၊ အေးလင်းသာယာကွင်း တိုက်ပွဲရှောင် စခန်းသို့သွားရောက်ပြီး တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ် ခဲ့ကြပါသည်။

ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက ယခုယာယီခိုလှုံရာစခန်း၌ ကလေးသူငယ်များ အများအပြား တွေ့ရှိရပါကြောင်း၊ မိမိတို့၏အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်  ကလေးသူငယ်များ၏ အနာဂတ်သည် အရေးကြီးပါကြောင်း၊ ၎င်းတို့၏ဦးနှောက်ဖွံ့ဖြိုးတိုးတက်ရန်နှင့် ကိုယ်ခန္ဓာပုံမှန်ကြီးထွား စေရေးဆောင်ရွက်ပေးနိုင်ရန်မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂) နှစ် အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေးအစီအစဉ်များကို ဆောင်ရွက်ပေး လျက်ရှိရာ ကရင်ပြည်နယ်လည်း ဦးစားပေးအဆင့် အကျိုးခံစားခွင့် ရရှိလျက်ရှိပါကြောင်း၊ ထို့အပြင် အသက်(၈၅) နှစ် နှင့်အထက် ဘိုးဘွားများ၊ မသန်စွမ်းသူများကိုလည်း ထောက်ပံ့ပေးလျက်ရှိကြောင်း၊ မိမိတို့၏ ရပ်တည်မှုအတွက် အလုပ်လုပ်ကြရသည်ဖြစ်ရာ အသိပညာအတတ်ပညာများနှင့် အသက်မွေး ဝမ်းကျောင်းပညာများ ရရှိရန်လည်း လိုပါကြောင်း၊ ထို့အတွက် အစိုးရအနေဖြင့် လိုအပ်ချက်များ ကိုဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ယခုယာယီခိုလှုံရာစခန်းများတွင် နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအတွက် အတည်တကျနေရာ၊  အလုပ်အကိုင်အခွင့်အလမ်းများဖြင့် အခြေကျ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရကစီမံချက်ဖြင့် ဆောင်ရွက်ပေးမည်ဖြစ်ရာ ပူးပေါင်းပါဝင်ပေးရန် နှင့် လိုအပ်ချက်များကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်က ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသော တိုင်းရင်း သားပြည်သူများအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများလာရောက် ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြန်လည်နေရာချထားရေးလုပ်ငန်းများ ဆောင်ရွက်ပါက တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများအတွက် မြေနေရာ၊ နေအိမ်အဆောက်အဦး၊ အလုပ်အကိုင်အခွင့်အလမ်း၊ ပညာရေး၊ ကျန်းမာရေးနှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်ပေးမည်ကို မေးမြန်းရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မဟာဗျူဟာနှင့်အညီ ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီး မှီခိုမှုကင်းသောဘဝများ ပြန်လည်တည်ဆောင်နိုင်ရေးအတွက် အစိုးရ၊ ပြည်သူနှင့် ပြည်တွင်း ပြည်ပအလှူရှင်များ၊ လူမှုအဖွဲ့အစည်းများပူးပေါင်း၍ စနစ်တကျ ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ဆောင်ရွက်ပေးနိုင်ရန် အားလုံး၏သဘောတူညီချက်များ ရရှိရန် လိုအပ်ပြီး ပူးပေါင်းပါဝင်မှုလိုအပ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စခန်းရှိ ကျောင်းသား၊ ကျောင်းသူ (၂၆၁) ဦး အတွက် ကျောင်းဝတ်စုံများထောက်ပံ့ခြင်း၊ စခန်းရှိပြည်သူများအတွက် အဝတ်အထည်များ ထောက်ပံ့ ခြင်း၊ မိုင်းထိလူနာတစ်ဦးအတွက် ငွေကျပ် (၂) သိန်း ထောက်ပံ့ခြင်းနှင့် ကလေးသူငယ်များအတွက် အာဟာရမုန့်များ ပေးဝေခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြန်လည်နေရာချထားရန် လျာထားသည့် ကျောက်စာကွင်းအရှေ့ မြေနေရာနှင့်  ယက္ကန်းပညာ သင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးမည့် ယက္ကန်းရုံ နေရာများကို သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ကရင်ပြည်နယ်အတွင်း ယာယီခိုလှုံရာစခန်းများရှိ တိုက်ပွဲရှောင်တိုင်းရင်းသားပြည်သူများအား ပြန်လည်နေရာချထားရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့်အညီ ဆောင်ရွက်နိုင်ရန် ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်  ဘားအံမြို့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာ န၊  မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းအဆောက်အဦ တည်ဆောက်လျက်ရှိသည့် အခြေအနေများကို သွားရောက်ကြည့်ရှုခဲ့ကြပါသည်။

ဆက်လက်ပြီး ဘားအံမြို့၊ ဓမ္မဝိဇယရံသီ ပါရိုကျောင်းတိုက်၌ ဖွင့်လှစ်လျက်ရှိသော ရပ်ရွာအခြေ ပြု မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းသို့ ရောက်ရှိကြပြီး သင်တန်းသားများ အား တွေ့ဆုံ၍  မူးယစ်သံသရာ ပြန်မလည်စေရေးနှင့် မိမိတို့၏ အနာဂတ်မျိုးဆက်သစ်များအား ကောင်းမွန်သော လက်ဆင့်ကမ်းအမွေများပေးနိုင်ရေးအတွက် ကိုယ်တိုင်က ကြိုးစားကြစေလိုကြောင်း အားပေးစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သင်တန်းသား (၃၁) ဦး တက်ရောက်လျက်ရှိ ကြောင်း သတင်းရရှိပါသည်။

#hl1

#Source: MSWRR

Sign Up

Upcoming Events