အိန္ဒိယနိုင်ငံရောက် မြန်မာရေလုပ်သား(၁၂၆)ဦး ပြန်လည်ရောက်ရှိမှုသတင်း

အိန္ဒိယရေပိုင်နက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိသွားပြီး အိန္ဒိယနိုင်ငံအစိုးရ၏ ဖမ်းဆီးအရေးယူမှုကြောင့် အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင်ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာနိုင်ငံသားမှန်ကန်ကြောင်း အတည်ပြုပြီးသူများအနက် ပထမအသုတ်အဖြစ် ပြန်လည်ခေါ်ယူ ခဲ့သည့် ရေလုပ်သား(၁၂၉)ဦးသည် (၃၁-၅-၂၀၁၆)နေ့ (၁၇:၂၀)အချိန်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း(MAI)မှ စင်းလုံးငှားလေယာဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ ခဲ့ပါသည်။

ပြန်လည်ရောက်ရှိခဲ့သည့်ရေလုပ်သား(၁၂၉)ဦးမှာ ဧရာ၀တီတိုင်းဒေသကြီးမှ(၁၀၄)ဦး၊ ရန်ကုန် တိုင်းဒေသကြီးမှ(၂)ဦးနှင့် ရခိုင်ပြည်နယ်မှ(၂၃)ဦးတို့ဖြစ်ပါသည်။ ၎င်းရေလုပ်သားများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦး၀င်းထွဋ်ဦး ဦးဆောင်ပြီး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်(၈)ဦး ပါဝင်သောအဖွဲ့ဖြင့် သွားရောက်ခေါ်ယူခဲ့ပါသည်။

ရေလုပ်သားများကို ဧရာ၀တီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိဏ်း၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းရွှေနှင့်အဖွဲ့ဝင်များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ IOMအဖွဲ့နှင့် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တို့မှတာဝန်ရှိသူများ၊ ရေလုပ်သားများ၏မိသားစုများမှ ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကြိုဆိုခဲ့ကြပြီး ရေလုပ်သားများ၏ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ပို့ဆောင် သွားမည်ဖြစ်ပါသည်။

ရေလုပ်သားများအား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ တစ်ဦးလျှင် ကျားလုံချည်(၁)ထည်၊ တီရှပ်(၁)ထည်၊ တဘက်(၁)ထည်နှုန်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ တစ်ဦးလျှင် ရှပ်အင်္ကျီ(၁)ထည်နှုန်း၊ IOMအဖွဲ့မှ တစ်ဦးလျှင်(၂၅၀၀၀ိ/-)နှုန်း၊ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တစ်ဦးလျှင်(၅၀၀၀ိ/-)နှုန်း ထောက်ပံ့ခဲ့ပါသည်။

Sign Up

Upcoming Events