ဖေဖော်ဝါရီ၅၊ နေပြည်တော်
ဘေးအန္တရာယ်ဖြစ်ပွားသည့်ဒေသများရှိ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်းများကို အချိန်တိုအတွင်းပြန်လည်ထူထောင်နိုင်ရေးအတွက် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းနှင့်စပ်လျဉ်းသည့်အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်စကားပြောကြားရာ၌ ယနေ့အစည်းအဝေးသည် ဒုတိယ သမ္မတ(၂) ဦးဆောင်သော တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင် ရေးဦးဆောင်အဖွဲ့စုံညီအစည်းအဝေး၏ ဆုံးဖြတ်ချက်နှင့် ဆက်စပ်ပါကြောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားသည့် ဒေသများမှာရှိသည့် တောင်သူလယ်သမားများ၏ အသက်မွေး ဝမ်းကျောင်းလုပ်ငန်း များကို အချိန်တိုအတွင်း ပြည်လည်ထူထောင်နိုင်ရေး ဆောင်ရွက်နေသည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းကို အကောင်အထည် ဖော်ရန် ဖြစ်ပါကြောင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသည် ပုံမှန်ခံစားနေရပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုများကြောင့် ပုံစံမတူသည့် ပိုမိုအားပြင်းသည့် ဘေးများကိုခံစားနေ ကြရကြောင်း၊ သဘာဝ ကြောင့်ဖြစ်သော ဘေးအန္တရာယ်များအပြင်၊ လူကြောင့် ဖြစ်ပွားသော ဘေးအန္တရာယ်များလည်း ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းသည် အစိုးရအနေဖြင့် ဝန်ကြီးဌာနအသီးသီး၊ ကော်မတီအသီးသီးက အထူးအလေးထား ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခု ဖြစ်လာရပါကြောင်း၊ ဘေးဒဏ်ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသည့် လူ့အသိုက်အဝန်း ဖြစ်ပေါ်ရေး၊ ဘေးကျရောက်ပါက အလျင်အမြန်တုံ့ပြန်နိုင်ရန် စနစ်တကျကြိုတင်ပြင်ဆင်ရေးအတွက် အရေးပေါ်အခြေအနေစီမံ ခန့်ခွဲမှုဗဟိုဌာနက Standard Operating Procedure (SOP) ရေးဆွဲထားပြီး ဖြစ်ကြောင်း၊ ဘေးဖြစ်ပွားပြီးပါက အလျင်အမြန် ပြန်လည်ထူထောင်ရေးသည်လည်း အရေးကြီးပါကြောင်း၊ အဓိက အားဖြင့် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးကဏ္ဍသည် ရာသီဥတု အချိန်အခါနှင့် အချိန်မီ ဆောင်ရွက်ရပါကြောင်း၊ အလျင်အမြန် ပြန်လည်ထူထောင်ရေးသည် စနစ်တကျသော ထိရောက် သောလုပ်ငန်းများဖြစ်စေပြီး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတား အနှောက်အယှက် များကို လျော့နည်းစေနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကိစ္စများကို မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသကဲ့သို့ အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်း (Southeast Asia Disaster Risk Insurance Facility-SEADRIF)သည် ကမ္ဘာ့ဘဏ်၏ချေးငွေ အမေရိကန် ဒေါ်လာ(၁၁၆)သန်းနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် Southeast Asia Disaster Risk Management Project တွင်ပါဝင်သော လုပ်ငန်း (၅)ခုအနက် အပိုင်း(၁)ဖြစ်ကြောင်း၊ ဤအရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်း စီမံကိန်းကို ကမ္ဘောဒီးယား၊ လာအို၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံက နားလည်မှု စာချွန်လွှာတွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထိုစီမံကိန်းသည် သဘာဝဘေးအန္တရာယ် ကျရောက်မှုအတွက် အာမခံပရီမီယံဝယ်ယူခြင်း၊ ဝယ်ယူသည့်အာမခံပရီမီယံ မှ လျော်ကြေးများ ရရှိခြင်း၊ ရရှိသည့် အာမခံလျော်ကြေးများကို ရန်ပုံငွေအရေးပေါ်သုံးစွဲမှုအစီအစဉ် (Contingency Planning) အပေါ် အခြေခံပြီးရေးဆွဲထားသည့် Disaster Risk Financing Strategy နှင့်အညီ သုံးစွဲခြင်းတို့အတွက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုကဲ့သို့ ဒေသတွင်းအာမခံလုပ်ငန်း စီမံကိန်းများ ဆောင်ရွက်ရန်စီစဉ်နေသကဲ့သို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုကော်မတီ က ဘေးသင့်ဒေသများအမြန် ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ကို ဖွဲ့စည်းပြီး တောင်သူလယ်သမားများထိခိုက်နစ်နာမှုနှင့်ပတ်သက်၍ အချိန်မီအမြန်ဆုံးစိုက်ပျိုးနိုင်ရေး အတွက် မျိုးစပါးနှင့်အခြားသီးနှံများကို ချက်ချင်းထောက်ပံ့ပေးနိုင်ရေးတို့ကို ထိထိရောက်ရောက် ဆောင်ရွက် လျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများ၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ အချိန်တို အတွင်း ပြန်လည်ထူထောင်နိုင်ရေးအတွက် အာမခံလုပ်ငန်းဆောင်ရွက်ရာတွင် ရေရှည် တည်တံ့ရေး၊ စနစ်ကျရေးတို့အတွက် မူဝါဒ၊ လုပ်ငန်းအစီအစဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေး လက်တွေ့ကျသော အကြံပြုချက်များကို အားလုံးက ညှိနှိုင်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာနိုင်ငံစပါးအသင်းချုပ်၊ Global World Insurance Company ၊ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်းတို့က သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ဝန်ကြီးနှင့်အတူ တက်ရောက်လာကြသူများက အကြံပြုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာမခံလုပ်ငန်းစီမံကိန်းကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန် ဥပဒေမူဘောင်နှင့် လုပ်ထုံးလုပ်နည်းများဖော်ဆောင်၍ ပုဂ္ဂလိကအဖွဲ့အစည်းများဖြင့် ပူးပေါင်းပြီး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
Source: MOSWRR