ဖေဖော်ဝါရီ ၅၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ(LIFT) အဖွဲ့၏ Fund Director ဖြစ်သူ Katy Weblay ဦးဆောင်သောအဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန က အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော လူမှုကာကွယ် စောင့်ရှောက်ရေး မဟာဗျူဟာပါ အဓိကလုပ်ငန်းစဉ် (၈)ခုအနက် အရေးပါဆုံးဖြစ်သည့် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂) နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း အစီအစဉ် ( MCCT)ကို ချင်းပြည်နယ်တွင် LIFT Fund ၏ ထောက်ပံ့မှုဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အစိုးရက ဆက်လက်တာဝန်ယူ၍ တိုးချဲ့ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များ၊ MCCT အစီအစဉ်သည် အောင်မြင်သည့် အစီအစဉ်တစ်ခု ဖြစ်သည့်အတွက် ကျန်ရှိနေသေးသော ပြည်နယ်/တိုင်းဒေသကြီးများတွင် တိုးချဲ့ဆောင်ရွက်နိုင်ရေး LIFT Fund နှင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကိစ္စရပ်များ၊ LIFT Fund မှ ဘဏ္ဍာရေး အကူအညီများ ပေးအပ်နေသော ကိစ္စရပ်များသည် မိမိတို့ဝန်ကြီးဌာနနှင့် များစွာဆက်စပ်နေသည့်အတွက် ဘဏ္ဍာရေးထောက်ပံ့မှုဆိုင်ရာ ဆုံးဖြတ်ချက်ပေးသည့် Fund Board တွင် ဝန်ကြီးဌာနမှ ကိုယ်စားလှယ်ပါဝင်နိုင်ရေးနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR