ရခိုင်ပြည်နယ်တွင် ပြည်တွင်းနေရပ်စွန့်ခွာသူများကို ပြန်လည်နေရာချထားရေးကို အမျိုးသားအဆင့်မဟာဗျူဟာနှင့်အညီဆောင်ရွက်ရန် ကွင်းဆင်းညှိနှိုင်းခြင်း

 

ဖေဖော်ဝါရီ  ၃ ၊  ကျောက်ဖြူ

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ နှင့်အညီ ပြည်တွင်းနေရပ်စွန့်ခွာသူများ၏ စခန်းများကို ပိတ်သိမ်းနိုင်ရန်နှင့် လက်ရှိဆောင်ရွက်မည့် ကျောက်ဖြူ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း ကို အောင်မြင်စွာပိတ်သိမ်းနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောအဖွဲ့က ကွင်းဆင်း ကြည့်ရှု ညှိနှိုင်းခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးညီပု၊ ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ UEHRD ကော်မတီဥက္ကဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ UEHRD လုပ်ငန်းအဖွဲ့များမှ တိုင်းရင်းသား လုပ်ငန်းရှင်များနှင့် ပညာရှင်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်များ ပြည်နယ်အဆင့်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်ခဲ့ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာခန်းမသို့ ရောက်ရှိကြရာ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးက ကျောက်ဖြူဒေသ၏ အခြေအနေ များ၊ ကျောက်ဖြူ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း၏ လက်ရှိအခြေအနေများ၊ ပြန်လည်နေရာချထား ရန်လျာထားသည့် မြေနေရာ အနေအထားများနှင့် ပတ်သက်သည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ပါ သည်။

ယင်းနောက် ဘေးအန္တရာယ်ဆိုင်ရာစီမံမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်တွင်းနေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာ ဗျူဟာ ဖြစ်ပေါ်လာပုံနှင့် ဆောင်ရွက်ရမည့် လုပ်ငန်းကဏ္ဍများ၊ အလေးထားဆောင်ရွက်ရမည့် အချက်များ အကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့ရှိ၊ ကျောက်တစ်လုံး ယာယီခိုလှုံရာ စခန်းသို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ပြန်လည်နေရာချထားမည့် လျာထားမြေနေရာအခြေအနေများ၊ ရေထုတ်ပြွန် (၂)လုံးနှင့် ရေငန်တား တာဘောင်ဆည်ဖို့ခြင်းလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တစ်လုံးယာယီခိုလှုံရာစခန်းရှိ ကော်မတီ အဖွဲ့ဝင်များ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။  တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးကြိုးပမ်းလျက်ရှိပါကြောင်း၊  မိမိတို့နိုင်ငံ၏ နေရာတစ်နေရာတွင် မငြိမ်းချမ်း ပါက တစ်နိုင်ငံလုံးငြိမ်းချမ်းသည်ဟု မဆိုနိုင်ပါကြောင်း၊ တည်ငြိမ်းအေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ဆက်စပ်နေပါကြောင်း၊ မိမိတို့စတင်တာဝန်ယူစဉ်ကပင် ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထားပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှု တိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်း၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်း၊ ဒေသတွင်း ပြန်လည်နေရာ ချထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း စသည့် လုပ်ငန်းကော်မတီ (၄) ခုဖြင့် ကြိုးပမ်းဆောင် ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများကို အစိုးရတစ်ခုတည်းက ဆောင်ရွက်၍ မရနိုင်ပါသဖြင့် လူမှုအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့အစည်းများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ မိတ်ဆွေနိုင်ငံ များနှင့် ပူးပေါင်းဆောင်ရွက်ပါကြောင်း၊ ၂၀၁၇ခုနှစ် သြဂုတ်လတွင် ဖြစ်ပွားခဲ့သောကိစ္စများကြောင့် လုပ်ငန်း ဆောင်ရွက်ချက်များတွင် နှောင့်နှေးမှုများကြုံတွေ့ခဲ့ရပါကြောင်း၊ ယာယီခိုလှုံရာစခန်းများသည် ယာယီ သာဖြစ်သင့်ပြီး ကာလကြာရှည်ပါက ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကိုထိခိုက်မည်ဖြစ်ကြောင်း၊ မိမိတို့၏ဆောင်ရွက်မှုများသည် ရေရှည်တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် လူမှုသဟဇာတဖြစ်ရေးကို ဦးတည်လျက်ရှိရာ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ များဖြင့် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုအခါ ပြည်တွင်းနေရပ်စွန့်ခွာ သူများ၏ စခန်းများကို ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသား အဆင့်မဟာဗျူဟာကို ဖော်ဆောင်ပြီးဖြစ်ရာ လုပ်ငန်းစဉ်များချမှတ်ပြီး အကောင်အထည်ဖော်နိုင်ရေးအတွက် အကောင်းဆုံးမျှော်မှန်း၍ ညှိနှိုင်းဆောင်ရွက်မှုများမှ ရရှိလာသည့် အကောင်းဆုံးအဖြေများကို လက်ခံပြီး ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်းနှင့် ဆောင်ရွက်ကြရာတွင် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုကြစေလို ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်း အတွင်း၌ နေထိုင်လျက်ရှိကြသော ပြည်တွင်းနေရပ်စွန့်ခွာသူများအား  ပြန်လည်နေရာချထားရေးနှင့်စခန်း ပိတ်သိမ်းရေးဆိုင်ရာလုပ်ငန်းများတွင် ညီညွှတ်စွာ ပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးအတွက် ဆွေးနွေး ပြောကြားခဲ့ပါသည်။

ယင်းနောက် ကျောက်ဖြူ၊ ကျောက်တစ်လုံးစခန်းတာဝန်ခံက တင်ပြဆွေးနွေးရာ၌ မိမိတို့အနေဖြင့် ၂၀၁၂ ခုနှစ်ဖြစ်စဉ်များမတိုင်မီက ရခိုင်တိုင်းရင်းသားများနှင့် ညီအစ်ကို မောင်ရင်းနှစ်မသဖွယ် ရင်းနှီးစွာ နေထိုင်ခဲ့ကြပါကြောင်း၊ အကြောင်းတစ်စုံတစ်ရာကြောင့်သာ ယခုယာယီစခန်းသို့ပြောင်းရွှေ့ခဲ့ရကြောင်းနှင့် ပြန်လည်နေရာချထားပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများအတွက် ဝမ်းမြောက်မိပါကြောင်း ဆွေးနွေး ခဲ့ပါသည်။ ဆက်လက်ပြီး စခန်းရှိပြည်တွင်းနေရပ်စွန့်ခွာသူများက ပညာသင်ကြားရေး၊ စားဝတ်နေရေး၊ လွတ်လပ်စွာ သွားလာခွင့်နှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ကြုံရသည့် အခက် အခဲများ၊ ဖြည့်ဆည်းပေးလိုသည့် အချက်များကို အသီးသီး ဆွေးနွေးပြောကြားကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်နှင့် တာဝန်ရှိသူများက ပြန်လည် ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်ဖြူမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဧည့်ရိပ်သာခန်းမ၌ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ကျောက်ဖြူမြို့နယ်ရှိ ဒေသခံ မြို့မိမြို့ဖများ၊ ကျောက်ဖြူ ကျောက်တစ်လုံး ယာယီစခန်းရှိ စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များကိုတွေ့ဆုံ၍ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍ သဘောထား အမြင်များကို ဆွေးနွေးခြင်း၊ ညှိနှိုင်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် စတင်တာဝန်ယူခဲ့စဉ်မှစ၍ အားလုံး သာတူညီမျှ ခံစားရရှိရေးနှင့် ပတ်သက်၍ ဖွံ့ဖြိုးမှုနိမ့်ကျဆုံးဒေသများကို ရွေးချယ်၍ ဦးစားပေးဆောင်ရွက်ခဲ့ရာ ရခိုင်ပြည်နယ်လည်း ပါဝင်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ ဒေသတွင်း ပြန်လည်နေရာချ ထားရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကို မိမိတို့ဝန်ကြီးဌာနက သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်ပဋိပက္ခများ ကင်းဝေးစေရေးတို့အတွက် ဆောင်ရွက်ပေးမည့် ရည်ရွယ်ချက်များဖြင့်  (UEHRD) ကို ဖွဲ့စည်းပြီး ဆောင်ရွက်ပါကြောင်း၊ ရခိုင်ပြည်နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ပဋိပက္ခကင်းဝေးရေးတို့ကို ဆောင်ရွက်ပေးရာတွင် အစိုးရအနေဖြင့် စိတ်ရင်းစေတနာအမှန်ဖြင့်သာ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းကိုလည်း ရှင်းလင်းစွာ သိစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် UEHRD ကော်မတီ၏ စီမံခန့်ခွဲမှုအရာရှိချုပ်က UEHRD လုပ်ငန်းအဖွဲ့များမှ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် မိတ်ဆက်ပေးခဲ့ပါသည်။

ယင်းနောက် ကျောက်ဖြူမြို့နယ် ဒေသခံ မြို့မိမြို့ဖများက ကျောက်တစ်လုံး ယာယီခိုလှုံရာစခန်းကို ပြန်လည်နေရာချထားပေးမည့် လျာထားမြေနေရာ အခြေအနေများနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ကျောက်ဖြူခရိုင်အုပ်ချုပ်ရေးမှူးက ပြန်လည်ရှင်းလင်းခဲ့ပါသည်။

ဆက်လက်ပြီး ကျောက်ဖြူ ကျောက်တစ်လုံးစခန်း၏ ပြန်လည်နေရာချထားရေးနှင့် ပတ်သက်၍  ကျောက်ဖြူမြို့နယ် ဒေသခံ မြို့မိမြို့ဖများ၏ သဘောထားများ၊ စခန်းတာဝန်ခံနှင့် ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားများကို အသီးသီး ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ (UEHRD) ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ်နှင့် လွှတ်တော်ကိုယ်စားလှယ် များက ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ် ကျောက်တစ်လုံး IDP စခန်းရှိနေရပ်စွန့်ခွာသူများကို ပြန်လည် နေရာချထားရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အမျိုးသားအဆင့် မဟာဗျူဟာနှင့် အညီဆောင်ရွက်နိုင်ရန် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

#hl1
#npw_feb 2020

Source: MOSWRR

 

Sign Up

Upcoming Events