လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိမင်္ဂလာသီရိဟိုတယ်၌ ကျင်းပရာပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာ စကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ အစိုးရကပြည်သူလူထုအားလုံး သာတူညီမျှ ခံစားရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ကဏ္ဍအသီးသီးကို အကောင်အထည်ဖော်ရာတွင် ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရပါကြောင်း၊ လူမှုအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများက အလုပ်ရုံဆွေးနွေးပွဲများ၊ နှီးနှောဖလှယ်ပွဲများ ကျင်းပခြင်းဖြင့် အစိုးရ၏ဆောင်ရွက်မှုများတွင် ပြည်သူများပိုမိုပါဝင်လာစေခြင်းဖြစ်ကြောင်း၊ ယနေ့နှီးနှောဖလှယ်ပွဲတွင် ကဏ္ဍစုံမှလူငယ်များဖြစ်သော ဖွံ့ဖြိုးရေးလူငယ်များ၊ ခရိုင်အဆင့် လူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စား လှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လူငယ်များအပါအဝင် ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်ကြသည့် အတွက် ဝမ်းမြောက်ပါကြောင်း၊ လူ့ဘဝစက်ဝန်းတွင် ကလေးသူငယ်ကာလ၊ လူငယ်ကာလနှင့် လူကြီးကာလ ဟူ၍ အပိုင်းအခြားရှိရာ အချိန်ကာလအကန့်အသတ်ရှိပါကြောင်း၊ ရှေးဦးအရွယ်ကာလတွင် ဦးနှောက်ဖွံ့ဖြိုးမှု အတွက် အမိအရဆောင်ရွက်ရပါကြောင်း၊ လူငယ်ကာလတွင်လည်း အချိန်အကန့်အသတ်ရှိကြောင်း၊ လူငယ်များသည် အနာဂါတ်အတွက် လက်ဆင့်ကမ်းအမွေ ရယူကြရမည် ဖြစ်သည့်အပြင် လက်ဆင့်ကမ်းအမွေကို ပေးအပ်ခဲ့ရမည်ဖြစ်ကြောင်း၊ အရည်အချင်းပြည့်ဝပြီး ထူးချွန်ထက်မြတ်သူများအဖြစ် လူငယ်ကာလကို အကျိုးရှိစွာဖြတ်သန်းရမည်ဖြစ်ကြောင်း၊ လူငယ်များကိုယ်တိုင် ပါဝင်ရေးဆွဲထားသော လူငယ်ရေးရာမူဝါဒ ပေါ်ပေါက်ပြီးဖြစ်ရာ မဟာဗျူဟာစီမံကိန်းကိုလည်း ရေးဆွဲပြီးဖြစ်ကြောင်း၊ ဒေသတစ်ခုနှင့်တစ်ခု အခြေအနေများ၊ လိုအပ်ချက်များမတူညီကြသည့်အတွက် လူငယ်များအနေဖြင့် ကိုယ့်ဒေသအတွက် အကောင်းဆုံးအခြေအနေကို ဖန်တီးနိုင်အောင် ကဏ္ဍ(၁၆)ရပ် ထည့်သွင်းထားပါကြောင်း၊ ဒေသတစ်ခုချင်းရှိ လူငယ်များအနေဖြင့် တစ်စုတစ်ဖွဲ့တည်းသာမက လူငယ်အဖွဲ့များအားလုံး ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီးပါကြောင်း၊ တစ်စုတစ်ဖွဲ့ချင်းက မတူညီသော ရည်မှန်းချက်များကိုသာ ဆောင်ရွက်ပါက ဘုံရည်မှန်းချက်ဖြစ်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အဟန့်အတားဖြစ်ပါကြောင်း၊ သာတူညီမျှ ခံစားရရှိမှုအတွက် တစ်ဦးလိုအပ်ချက်ကို တစ်ဦးက ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့်သာ ဘုံရည်မှန်းချက် အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့မှုရှိသော လုပ်ငန်းစဉ်များအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာ၊ စီမံချက်များဖြင့် စနစ်တကျပုံဖော်လျက်ရှိကြောင်း၊ လူငယ်များပါဝင်ရေးဆွဲခဲ့သော လူငယ်ရေးရာ မဟာဗျူဟာ အကောင်အထည်ဖော်ရေးနှင့်ပတ်သက်၍ အပြန်အလှန် ညှိနှိုင်းဆွေးနွေးအဖြေရှာကြပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့လျှောက်လှမ်းနေသော ဖယ်ဒရယ်ဒီမိုကရေစီ အကူးအပြောင်းတွင် ပြုပြင်စရာ၊ ညှိနှိုင်းစရာများ များစွာရှိမည်ဖြစ်ကြောင်း၊ လူငယ်များသည် ဒီမိုကရေစီ အဆင့်အတန်းကို မြှင့်တင်နိုင်သူများဖြစ်ကြောင်း၊ ဒီမိုကရေစီအဆင့်အတန်းသည် မျှတသော ရွေးကောက်ပွဲဖြစ်ခြင်း၊ ပြည်သူ့ဆန္ဒအရ ပေါ်ပေါက်လာသော ပြည်သူ့အစိုးရ၏ ဆောင်ရွက်မှုများသည် ပြည်သူ့အကျိုးကို ဆောင်ရွက်ခြင်းရှိမရှိ စောင့်ကြည့် ထိန်းကျောင်းပေးနိုင်ခြင်း၊ ပြည်သူများသည် နိုင်ငံ၏ အရေးကို စိတ်ပါဝင်စားခြင်း၊ အစိုးရ၏ဆောင်ရွက်ချက်များတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်နိုင်မှု အားကောင်းခြင်းနှင့် ဥပဒေဘောင်အတွင်းမှ လွတ်လပ်မှုရရှိခြင်းတို့အပေါ် မူတည်ကြောင်း၊ လူငယ်အားလုံးက စည်းလုံးညီညွတ်စွာဖြင့် ဒီမိုကရေစီအဆင့်အတန်းကို မြှင့်တင်အမြစ်တွယ်အောင် ပူးပေါင်းဆောင်ရွက်ကြစေ လိုကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဖြတ်သန်းရမည့် အချိန်အကန့်အသတ်ကို ဥပဒေဘောင်အတွင်း အကျိုးရှိစွာအသုံးချတက်ရန် လိုပါကြောင်း၊ လူငယ်မူဝါဒနှင့်ပတ်သက်၍ မဟာဗျူဟာအရ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူငယ်ရေးရာကော်မတီများ ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆက်လက်ဖွဲ့စည်းသွားမည်ဖြစ်ရာ လူငယ်များအနေဖြင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလိုပါကြောင်း၊ လူငယ်များအနေဖြင့် တဒင်္ဂဆုံးဖြတ်ချက်ဖြင့် မဆောင်ရွက်ဘဲ အမြော်အမြင်ရှိစွာ စဉ်းစားဆောင်ရွက်ကြစေ လိုကြောင်း၊ အပြောင်းအလဲများသည် အချိန်ယူရပြီး ရေရှည်ဆောင်ရွက်ရမည်ဖြစ်သောကြောင့် စိတ်ရှည်သည်းခံ၍ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ အစိုးရအနေဖြင့် မည်သည့်လူငယ်များကိုမဆို တန်ဖိုးထားပါကြောင်းနှင့် ချန်လှပ်ထားခြင်းမရှိဘဲ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါကြောင်း ပြောကြား ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
အဆိုပါ လူငယ်ကိုယ်စားလှယ်များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများတွေ့ဆုံ ဆွေးနွေးပွဲကို (၂၈.၁.၂၀၂၀)ရက်နေ့မှ (၃၀.၁.၂၀၂၀)ရက်နေ့အထိ (၃)ရက်ကြာကျင်းပသွားမည်ဖြစ်ပြီး နှီးနှောဖလှယ်ပွဲကာလ အတွင်း မြန်မာနိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများကို စနစ်တကျဖွဲ့စည်းတည်ထောင်ခြင်းဆိုင်ရာ သုတေသနစာတမ်း၊ မြန်မာနိုင်ငံတွင် ကောင်းမွန်သောအုပ်ချုပ်ရေး မြှင့်တင်နိုင်မည့်နည်းလမ်းကောင်းများ စာတမ်းနှင့် မြန်မာနိုင်ငံလူငယ်ရေးရာရေးဆွဲမှုဖြစ်စဉ်၊ လူငယ်နှင့်ရွေးကောက်ပွဲ၊ လူငယ်နှင့်ငြိမ်းချမ်းရေး ဆိုင်ရာများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2020
Source: MOSWRR