ဇန်နဝါရီ ၂၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးတက္ကသိုလ် Football United က Founding Director ဖြစ်သူ Anne Bunde-Birouste ဦးဆောင်သောအဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် ပြည်သူအားလုံး၏ လူမှုစီးပွားဘဝ မြင့်မားတိုးတက် လာစေရေးနှင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခိုင် ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းတစ်ရပ် ဖြစ်ပေါ်လာစေရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေရာတွင် သဘာဝဘေး အန္တရာယ်များ သာမက ပဋိပက္ခများကဲ့သို့ လူ့ကြောင့်ဖြစ်သော ဘေးအန္တရာယ်ဆိုင်ရာကိစ္စရပ်များကိုလည်း တာဝန်ယူ ဆောင်ရွက်ရသည့်အတွက် လူမှုသဟဇာတမျှတရေးနှင့် ယုံကြည်မှု တည်ဆောက်ရေးလုပ်ငန်းများမှာ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ထို့အပြင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး၊ ပြစ်ဒဏ်ကျခံရသော အသက်(၁၈)နှစ်အောက် ကလေးသူငယ်များအား မိမိတို့ဝန်ကြီးဌာန အောက်ရှိ လူငယ်သင်တန်းကျောင်းများတွင် ပြန်လည်ထူထောင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါ လူငယ်များအနေဖြင့်လည်း လူ့အသိုက်အဝန်းသို့ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးလုပ်ငန်းများ ဆောင်ရွက်ပေး နေကြောင်း၊ ဤ Football United အဖွဲ့က ဆောင်ရွက်လျက်ရှိသော ဘောလုံးကစားနည်းသည် နားလည်ယုံကြည်မှုဖြင့် အပေးအယူမျှတစွာ ပူးပေါင်းဆောင်ရွက်နိုင်စေခြင်း၊ လူငယ်များအကြား လူမှုသဟဇာတ မျှတရေး အသိအမြင်များ ကိန်းအောင်းစေခြင်း၊ အခက်အခဲတစ်ခုကြုံတွေ့လျှင် အားလုံးပူးပေါင်းဖြေရှင်း ဆောင်ရွက်တတ်ခြင်း၊ အသင်းအဖွဲ့နှင့်ဆောင်ရွက်တတ်လာစေခြင်းစသော အကျိုးကျေးဇူးများ ရရှိနိုင်သည့် အားကစားနှင့် အသိပညာပေး ရောယှက်ဆောင်ရွက်နိုင်သည့် စီမံချက်ဖြစ်၍ အဆိုပါစီမံချက်အား တိုးချဲ့ဆောင်ရွက်နိုင်ရန်ကိစ္စနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2020
Source: MOSWRR