မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှင့် လူငယ်သင်တန်းကျောင်းရှိ ကလေးလူငယ်များ တွေ့ဆုံပွဲ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

ဇန်နဝါရီ၂၆၊မန္တလေး
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားသော နားမကြားသော ကလေးများကျောင်းသို့ ဂျပန်နိုင်ငံ၊ Kyoshin Company က အမေရိကန်ဒေါ်လာ (၁၀၀၀၀) လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မန္တလေးမြို့၊ အဆိုပါကျောင်း၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးက ဂျပန်နိုင်ငံ၊ Kyoshin Company အနေဖြင့် မန္တလေးမြို့၊ နားမကြားသောကလေးများကျောင်းသို့ နှစ်စဉ်လာရောက်မှုသည် (၂၂) ကြိမ်မြောက်ဖြစ်ကြောင်း၊ ဝန်ကြီး ဌာနနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ပူးပေါင်းဆောင်ရွက်မှု ပြရုပ်တစ်ခုဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဆောင်ရွက်မှုများကို ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အားလုံးအကျုံးဝင်ပါဝင်နိုင်အောင်ကြိုးပမ်းလျက်ရှိကြောင်း၊ မသန်စွမ်းသူများသည် မသန်သော်လည်း စွမ်းနိုင်မှုကိုပြသနိုင်ရန် ကူညီပံ့ပိုးထောက်ပံ့မှုများ လိုအပ်ပါကြောင်း၊၎င်းတို့၏ လိုအပ်ချက်များကို ပံ့ပိုးကူညီခြင်းဖြင့် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှာဖြစ်ပါကြောင်း၊ မသန်စွမ်းများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင်အသက်မွေးဝမ်းကျောင်းပညာရပ်များ လေ့ကျင့်သင်ကြားပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးခြင်းသည် အရေးကြီး သော ကဏ္ဍဖြစ်ကြောင်း၊ ယနေ့လှူဒါန်းငွေဖြင့် မသန်စွမ်းများ၏ စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်ရန် လက်သင်္ကတပြ ဘာသာရပ်ဆိုင်ရာ ပညာရပ်များအထောက်အကူပြုခြင်း၊အသက်မွေးဝမ်းကျောင်း ပညာ ရပ်များလေ့ကျင့်သင့်ကြားရေးအတွက် အဆင့်မြင့်သင်ထောက်ကူပစ္စည်းများပံ့ပိုးပေးခြင်းနှင့် လွယ်ကူစွာ နေထိုင်လှုပ်ရှားသွားလာနိုင်ရန် ပံ့ပိုးမှုပြုခြင်း စသည်တို့တွင် အသုံးပြုမည်ဖြစ်သဖြင့် အစိုးရ၏ ဆောင်ရွက်မှုများတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများကို ဖော်ဆောင်ရန် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မသန်စွမ်းကော်မတီများကို ဖွဲ့စည်း၍ မသန်စွမ်းသူများနှင့် ပူးပေါင်းဆောင်ရွက် နေသကဲ့သို့ မသန်စွမ်းမှုများကို လျှော့ချနိုင်ရန်နှင့် ကာကွယ်နိုင်မည့် နည်းလမ်းဖြစ်သည့် ရှေးဦးအရွယ် ကလေးသူငယ်တိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစီမံကိန်းကို ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် ရှေ့ပြေးစတင်ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ဆက်လက်တိုးချဲ့နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကလေးများ၏အသက်အရွယ်အလိုက် ဖွံ့ဖြိုး တိုးတက်မှုကို မိဘများ၊ မိသားစုဝင်များကစောင့်ကြည့်အကဲဖြတ်၍ လိုအပ်သောအချိန်တွင် ကျွမ်းကျင် သူများ၏ အကူအညီကိုရယူကာ ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းမှုကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ထိုအသိပညာပေးမှုများကို နည်းမျိုးစုံဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပြည်သူများသိရှိနိုင်ရန် စတင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အစိုးရ၏ ပြည်သူ့အကျိုးပြု ဆောင်ရွက် ချက်များတွင် ထိရောက်စွာပူးပေါင်းဆောင်ရွက်ပေးနိုင်ရန် တိုက်တွန်းပါကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် ဂျပန်နိုင်ငံ၊ Kyoshin Company ၏ Chairman, Mr. SadaakiTachikiက နားမကြားသော ကလေးများသင်တန်းကျောင်းသို့ သက်မွေးဝမ်းကျောင်းသင်တန်းအတွက် အကြီးစား ဇာထိုးပန်းထိုးစက်၊ အပ်ချုပ်စက်၊ ကွန်ပြူတာသုံးဇာထိုးပန်းထိုးစက်၊ ဒီဇိုင်းဆော့ဝဲလ်နှင့် သင်တန်းကျောင်း သင်ထောက်ကူ ပစ္စည်းများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် ယခုလိုနှစ်စဉ်နှစ်တိုင်း လှူဒါန်းရခြင်း အကြောင်းကို ရှင်းလင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် Kyoshin Company ၏ Chairman, Mr. SadaakiTachikiက လှူဒါန်းငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကိုပေးအပ်ရာ ပြည်ထောင်စု ဝန်ကြီးက လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် နားမကြားသောကလေးများကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာ များဖြင့်တင်ဆက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုငွေချီးမြှင့်ခဲ့ပြီး တက်ရောက်လာကြသူများ နှင့်အတူ မှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြပါသည်။
အခမ်းအနားသို့မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ဦး၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ မန္တလေးမြို့တော်ဝန်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြပါ သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အသက်မွေးဝမ်းကျောင်းသင်တန်းဆောင်ရှိ စက်ချုပ်ခန်း၊ ဇာထိုးပန်းထိုးခန်းနှင့် မော်တာစနစ်ပန်းထိုးခန်းများတွင် လက်တွေ့ဆောင်ရွက်နေမှုများ၊ နားမကြားသူများအရင်းအမြစ်ဌာနတွင် လက်သင်္ကေတပြ ဘာသာစကားသင်ကြားနေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင်ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မန္တလေးလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိကြပြီး လူငယ်သင်တန်းကျောင်း အုပ်က သင်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများ၏ နေ့စဉ်ဆောင်ရွက်မှုအချိန်ဇယားတွင် စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုလုပ်ငန်း စဉ်များ၊ နှစ်သိမ့်ဆွေးနွေးမှုများနှင့် စာပေလေ့လာရေးကိစ္စများကို ပိုမိုထည့်သွင်းဆောင်ရွက်နိုင်ရေး၊ မူးယစ်အန္တရာယ်နှင့် မူးယစ်ဆေးဝါးထပ်မံသုံးစွဲမှု မပြုရေးတို့အတွက် ဖြေရှင်းဆောင်ရွက်ရေး နည်းလမ်းများကိုဆွေးနွေးညှိနှိုင်းခဲ့ကြပြီး သင်တန်းကျောင်းရှိ လူငယ်များအားတွေ့ဆုံရာတွင် ကလေး လူငယ်များအနေဖြင့် မိမိဘဝပြောင်းလဲတိုးတက်နိုင်ရန် သင်တန်းကျောင်းတွင် နေထိုင်ရစဉ်ကာလကို အကျိုးရှိစွာကုန်ဆုံးစေလိုကြောင်း၊ လူငယ်များကိုယ်တိုင် မိမိတို့၏ စိတ်များကိုပြုပြင်နိုင်ရေး ကြိုးစား အားထုတ်နိုင်ရန်အရေးကြီးကြောင်း၊ အစိုးရအနေဖြင့်လည်း အဖက်ဖက်က ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အားပေးစကားပြောကြားခဲ့ကြပါသည်။
မန္တလေးမြို့၊ မန္တလေးလူငယ်သင်တန်းကျောင်းသည် လူဦးရေ (၂၀၀) ဆံ့ကျောင်းဖြစ်ရာ တရားရုံး များတွင် တရားရင်ဆိုင်ဆဲကလေးသူငယ်များ၊ တရားရုံးများမှ အကျင့်စာရိတ္တပြုပြင်ရန် ပေးပို့လာသည့် ကလေးသူငယ်များနှင့်မြို့တော်စည်ပင်နှင့် အဖွဲ့အစည်းများက ပေးပို့လာသော ကလေးသူငယ်များကို ပြုပြင်ကာ ပြုစုပျိုးထောင်ကာကွယ် စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်မှစ၍ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာဥပဒေ ထွက်ရှိပြီးနောက်ကလေးသူငယ်များ၏အသက်ကို (၁၈) နှစ်အောက်အဖြစ် သတ်မှတ်ခဲ့ရာ လက်ခံစောင့်ရှောက်ပေးရမည့်ဦးရေ (၅၂၃) ဦးအထိ ရှိလာပါကြောင်း၊ သင်တန်းသို့ ရောက်ရှိလာသော ကလေးသူငယ်များအား အသက်မွေးဝမ်းကြောင်းပညာသင်ကြားပေးခြင်း၊ အားကစား လေ့ကျင့်သင်ကြားပေးခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တဖွံ့ဖြိုးတိုးတက်စေရေးအတွက် လေ့ကျင့် သင်ကြားပေးခြင်း၊ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် သင်တန်းသားများအား ကျောင်းပညာဆက်လက်သင်ကြားနိုင်ရေးအတွက် ဆောင်ရွက်ပေးထားကြောင်းသိရှိရပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးဦးစိုးအောင်သည် မန္တလေးမြို့ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးစခန်းသို့ဆက်လက်သွားရောက်ပြီးစခန်း၌ မူးယစ်ဆေးဖြတ်ပြီးသူများအား ပြန်လည်ထူထောင်ရေးစခန်းခြေပြု သင်တန်းဖွင့်လှစ်၍ သင်တန်းသား (၂၀) ဦးအား ပြန်လည်ထူထောင် ရေးလုပ်ငန်းများဆောင်ရွက်ပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့ပြီး သင်တန်း ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#mdy_jan2020

Source: MOSWRR

Sign Up

Upcoming Events