နေပြည်တော်၊ ဇန်နဝါရီ ၂၅
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် US Forest Survey (USFS), USAID တို့နှင့်ပူးပေါင်း၍ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) ၏ စံပြုလုပ်ငန်းစဉ် (Standard Operation Procedures-SOP) ကို ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မှုအခြေအနေကို ဆန်းစစ်နိုင်ရန်အတွက် “ဌာနတွင်း လက်တွေ့ သဏ္ဍာန်တူလေ့ကျင့်ခန်း”ကို ၂၀၂၀ ပြည်နှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့မှ (၂၄) ရက်နေ့အထိ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) တွင် (၃) ရက်ကြာ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်နှင့် ဦးစီးဌာနမှတာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက သဏ္ဍာန်တူလေ့ကျင့်ခန်းနှင့်သက်ဆိုင်သည့် အခန်းကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
သဏ္ဍာန်တူလေ့ကျင့်ခန်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဘေးအန္တရာယ်ဖြစ်ပွား ခဲ့သောဒေသအလိုက် ပျက်စီးဆုံးရှုံးမှုစာရင်းများကို စောလျင်စွာသိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနသည် ပြည်ထောင်စု အဆင့်တွင် စီမံခန့်ခွဲမှုများလုပ်ဆောင်နေခြင်းဖြစ်ရာ မြေပြင်တွင် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ၊ ထောက်ပံ့ပို့ဆောင်ရေး၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုနှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် လူ့အသက်ကယ်ဆယ်ရေးသည် အရေးကြီးဆုံးလုပ်ငန်းဖြစ်သည့်အတွက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း၊ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားသာချက်/ အားနည်းချက်များကို ပြန်လည်သုံးသပ်၍ SOP ကို ပြင်ဆင်ဖြည့်စွက်သွားရမည် ဖြစ်ပါကြောင်း၊ ဘေးဖြစ်ပွားချိန်တွင် ပြည်သူများအနေဖြင့် သတင်းမှန်ကို သိရှိနိုင်ရေးအတွက် သတင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရန် အရေးကြီးပါကြောင်း၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်းမှာ ပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ ပေါင်းစပ်ဆောင်ရွက် ပေးနိုင်မည်ဆိုပါက ဘေးသင့်ပြည်သူများအတွက် အလျင်အမြန် ပြန်လည်ထူထောင်နိုင်ရန် အထောက်အပံ့ပေးနိုင်မည် ဖြစ်ပါကြောင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ကျရောက်ချိန်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဌအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုပါ သဏ္ဍာန်တူလေ့ကျင့်ဆောင်ရွက်ခဲ့ပါသည်။
ထို့အပြင် သဏ္ဍာန်တူလေ့ကျင့်ရာ၌ မုန်တိုင်းဘေး၊ ငလျင်ဘေးဖြစ်ပွားမှု (Scenarios) များ ပြုလုပ်ပြီး EOC ၏ SOP တွင် ပါရှိသော လုပ်ငန်းစဉ်များ အတိုင်း လေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး ပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်သည့်အခြေအနေ၊ ဆေးရုံ/ဆေးခန်းများ ပျက်စီးသည့် အခြေအနေ၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သည့်အခြေအနေ၊ နိုင်ငံတကာအကူအညီ လိုအပ်သည့်အခြေအနေ စသည်တို့တွင် ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များကိုပါ ထည့်သွင်းလေ့ကျင့်ခဲ့ကြပါသည်။
အဆိုပါသဏ္ဍာန်တူလေ့ကျင့်မှုအစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန (ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ အရာထမ်း/ အမှုထမ်း စုစုပေါင်း(၃၀)ဦးခန့် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_ simex_str_eqk
Source: MSWRR