ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်များအတွက် အိန္ဒိယနိုင်ငံအစိုးရက ပေးပို့လှူဒါန်းသည့် ထောက်ပံ့ပစ္စည်းများ လွှဲပြောင်းလက်ခံပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်

22 _ Pic _ 01 22 _ Pic _ 02

ဇန်နဝါရီ ၂၁၊ စစ်တွေ
ရခိုင်ပြည်နယ်အတွင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွါသူများအတွက် အိန္ဒိယနိုင်ငံအစိုးရက ပေးပို့ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ ( ၂၃၅,၄၅၆) တန်ဖိုးရှိသော ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့၊ အိန္ဒိယဆိပ်ကမ်းသိုလှောင်ရုံ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးညီပု တို့တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အဖွင့်စကားပြောကြားရာ အိန္ဒိယနိုင်ငံက လှူဒါန်းသော ကယ်ဆယ်ရေးထောက်ပံ့ပစ္စည်း (Relief Aid Bag ) ၂၀,၀၀၀ သည် ဘေးဒုက္ခခံစားရသူများ အတွက် များစွာအသုံးဝင်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ အဆင်ပြေမှုရှိစေရန် အစဉ်တစိုက်ကြိုပမ်းလျက်ရှိပါကြောင်း၊ မိတ်ဖက်နိုင်ငံများ၊ အဖွဲ့အစည်း များနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိရာ အိန္ဒိယနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီများ ပေးအပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့အကြား နားလည်မှုစာချွှန်လွှာ ရေးထိုး၍ အိန္ဒိယနိုင်ငံက ငါးနှစ်တာကာလအတွင်း အမေရိကန် ဒေါ်လာ (၂၅) သန်း တန်ဖိုးရှိ အထောက် အပံ့အကူအညီများ ပေးအပ်လျက်ရှိရာ ပြီးခဲ့သည့်နှစ်အတွင်းက မောင်တောမြို့နယ်ရှိ ရွှေဇား၊ နံ့သာတောင် နှင့် ကြိမ်ချောင်းတောင်ကျေးရွာများတွင် အိမ်အလုံး (၂၅၀) ကို ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်၍ လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင်လည်း ဖွံ့ဖြိုးမှုစီမံချက် (၁၂) ခုကို Project Agreement များ ရေးထိုးဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုအတွက် အဖက်ဖက်က ဆောင်ရွက်လျက်ရှိရာ စင်ကာပူနိုင်ငံအခြေစိုက် အလှူရှင်အဖွဲ့အစည်းဖြစ်သည့် Asian Philanthropy Circle (APC) နှင့် Mainly I love Kids (MILK) တို့နှင့် ပူးပေါင်း၍ ရခိုင်ပြည်နယ်ရှိ လူငယ်များကို ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် ပိုမိုပါဝင်နိုင်ရန်နှင့် လိုအပ်သော ကျွမ်းကျင်မှုများနှင့် သက်မွေးဝမ်းကျောင်းလုပ်ငန်းများကို သင်ကြားပေးနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက် မှု သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိတ်ဆွေနိုင်ငံများ၏ အကူအညီ များသည် မိမိတို့အတွက် အင်အားတစ်ခုဖြစ်စေပါကြောင်း၊ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့၏ ဆက်ဆံရေး သည် နှစ်ပေါင်းများစွာကတည်းက လူမှုရေး၊ စီးပွားရေး၊ ဘာသာရေးနှင့် ယဉ်ကျေးမှုခြင်း ကူးလူးဆက်ဆံမှု များရှိခဲ့ရာ ကောင်းမွန်သော နှစ်နိုင်ငံဆက်ဆံရေးသည် ဆက်လက်တည်မြဲ နေလိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးညီပုက ရခိုင်ပြည်နယ်၏ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ၌ အိန္ဒိယနိုင်ငံက ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ၊ ယခုကဲ့သို့
ကယ်ဆယ်ရေးပစ္စည်းများ လှူဒါန်းမှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ထောက်ပံ့ရေးပစ္စည်းများကို အမှန်တကယ်လိုအပ်သူများထံသို့ ရောက်ရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား
ခဲ့ပါသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ်ကြီးမှ ရခိုင်ပြည်နယ်အတွင်းရှိတိုက်ပွဲရှောင် နေရပ် စွန့်ခွာသူများအတွက်ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်းများကို လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E Shri. Saurabh Kuma က ရခိုင်ပြည် နယ်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများတွင် အကောင်ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကိစ္စများနှင့် ပူးပေါင်းဆောင်ရွက်ပေးရသည့်အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လှူဒါန်းပေးအပ်ထားသည့် ကယ်ဆယ်ရေးထောက်ပံ့ ပစ္စည်းများကို လှည့်လည်ကြည့်ရှုခဲ့ပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#rke_Jan2020
Source: MSWRR

Sign Up

Upcoming Events