ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားမှုသတင်း

18 _ Pic _ 01

ဇန်နဝါရီ ၁၇၊ နေပြည်တော်

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေရေးဆွဲရေး ပထမအကြိမ် ညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ သင်္ဂဟဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိမိတို့အနေဖြင့် ကလေးသူငယ်များ၏ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်ရန် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အစိုးရက ဆောင်ရွက်လျက်ရှိသည့်ကိစ္စများသည် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးကို ဦးတည်ပါကြောင်း၊ လက်ရှိဆောင်ရွက်မှုများသည် အနာဂါတ်နိုင်ငံတော်အတွက် အမွေကောင်းများ လက်ဆင့်ကမ်းနိုင်ဖို့ဖြစ်ပါကြောင်း၊ လက်ဆင့်ကမ်း အမွေယူကြမည့်သူများသည် ကလေးငယ်များပင်ဖြစ်ပါကြောင်း၊ ထို့ကြောင့် အကောင်းဆုံးဖွံ့ဖြိုး တိုးတက်ရေးနှင့် အကောင်းဆုံးအကျိုးစီးပွားများကို ခံစားရရှိစေရန် ကြိုးပမ်းကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် လိုအပ်ချက်များပြားသည့်အတွက် အနာဂါတ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ရှေ့ဆက် ဆောင်ရွက်ရာ၌ လုပ်ငန်းများ သွက်လက်မှန်ကန်ဖို့၊ ထက်ထက်မြက်မြက်ရှိဖို့နှင့် စွမ်းဆောင်ရည် မြင့်မားပြီးအောင်မြင်ရန်အတွက် ကလေးငယ်များ၏ဘဝဖွံ့ဖြိုးတိုးတက်ရန် အရေးကြီးပါကြောင်း၊ ထို့ကြောင့် လက်ဆင့်ကမ်းအမွေယူကြမည့် ကလေးသူငယ်များအတွက်အခွင့်အရေးကို ဖော်ဆောင် ပေးနိုင်အောင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအသစ်ကို ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ကြောင်း၊ ပြောင်းလဲလာသောခေတ်စနစ်များနှင့်သော်လည်ကောင်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်နှင့်သော်လည်ကောင်း ကိုက်ညီမှုရှိအောင်ရေးဆွဲခဲ့ကြပါကြောင်း၊ အခွင့်အရေးများကိုဖော်ဆောင်ပေးရန် နည်းလမ်းများရှိရမည်ဖြစ်ကြောင်း၊ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ပါက ကလေးသူငယ်များအားလုံး သာတူညီမျှခံစားရရှိမည်ဖြစ်ကြောင်း၊ တူညီသည့်ဥပဒေအကျိုးကို မတူညီသည့်နေရာဒေသများတွင်ရှိသည့် ကလေးသူငယ်များအားလုံး ပြည့်ပြည့်ဝဝတန်းတူခံစားရရှိအောင် နည်းဥပဒေတွင်ပြည့်ပြည့်စုံစုံထည့်သွင်းပေးရန် မှာကြားလိုပါ ကြောင်း၊ ဥပဒေအသစ်တွင် ကလေးသူငယ်များ၏ အသက်ကို (၁၈)နှစ်အောက်ဟု သတ်မှတ်ထား သောကြောင့် နည်းဥပဒေဖော်ဆောင်ရာတွင် ကလေးသူငယ်များအား စောင့်ရှောက်ခြင်း၊ အပြစ်ပေး အရေးယူခြင်းများနှင့် ပတ်သက်၍ အထူးလေးထား ဂရုစိုက်ရမည့်ကိစ္စများရှိလာမည်ဖြစ်ကြောင်း၊ ကလေးသူငယ်မွေးစားခြင်းကဏ္ဍနှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို မသွေဖီဘဲဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နည်းဥပဒေကို အကောင် အထည်ဖော်ရာတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ရှင်းလင်းပြတ်သားစွာပါရှိရန်လည်း လိုပါကြောင်း၊ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရာတွင်လည်း  ထုတ်ပြန်ရမည့် အမိန့်ညွှန်ကြားချက်များသည် ဥပဒေနှင့်ကိုက်ညီမှုရှိရမည်ဖြစ်ပါကြောင်း၊ နည်းဥပဒေကို ရေးဆွဲရာတွင် အတွေ့အကြုံများပြားသူများ လုပ်ငန်းအဖွဲ့ထဲတွင်ပါဝင်သည့် အတွက်ကြောင့် အတွေ့အကြုံများကို အချင်းချင်းဖလှယ်ပြီး ပြဿနာရှိနိုင်သည့်ကဏ္ဍများတွင် အကောင်းဆုံး အဖြေရရှိအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်း၊ ကလေးသူငယ်များသည် မိဘ၊ မိသားစုဝင်များနှင့် ဆက်စပ်ရပ်တည်ရသောကြောင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေကိုဖော်ဆောင်ရာတွင် ကလေးသူငယ်များနှင့်ဆက်စပ်သောသူများအတွက်ပါ စဉ်းစား ထည့်သွင်းပေးဖို့ တိုက်တွန်းလိုပါကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာနည်းဥပဒေ ပေါ်ပေါက်လာရေး ဝိုင်းဝန်းကြိုးပမ်းပေးကြမည့် ဆက်စပ်ဝန်ကြီးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်း များကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဥပဒေဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (The International Development Law Organization- IDLO)၏ တာဝန်ရှိသူတစ်ဦးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ နည်းဥပဒေ ဖော်ဆောင်ရေးအတွက် လေ့လာဆန်းစစ် ချက်များ၊ တွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာန၊ တာဝန်ရှိသူများက ကလေးသူငယ်အခွင့်အရေးများဆိုင်နည်းဥပဒေ ဖော်ဆောင်ရေးအတွက် ကဏ္ဍများအလိုက်သတ်မှတ်ဆွေးနွေးခြင်း၊ လုပ်ငန်းစဉ်များအတွက် ဆွေးနွေးခြင်းနှင့် တက်ရောက်လာကြသူများက ပြန်လည်မေးမြန်းဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_jan2020

Source: MOSWRR

Sign Up

Upcoming Events