ဇန်နဝါရီ ၁၅၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအထူးကိုယ်စားလှယ် Ms. Virginia Gamba နှင့်အဖွဲ့အား ယနေ့ နံနက် ပိုင်းတွင် အဆိုပါဝန်ကြီးဌာန မေခလာခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ကလေးသူငယ်များနှင့်လက်နက်ကိုင် ပဋိပက္ခဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အထူး ကိုယ်စားလှယ်၏ ၂၀၁၈ ခုနှစ်၊ မေလ က လာရောက်ခဲ့သော ခရီးစဉ်နှင့် ယခုခရီးစဉ်အကြား များစွာသော တိုးတက်မှုများရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ (၂၀၁၉) အား ပြဌာန်းနိုင်ခဲ့သလို လက်နက်ကိုင်ပဋိပက္ခများအတွင်း ကလေးသူငယ်များအား ကာကွယ် စောင့်ရှောက်ရန် ဥပဒေတွင် အခန်း(၁)ခန်း သီးခြားပါရှိပါကြောင်း၊ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၇)ရက်နေ့ကလည်း ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်းဗင်းရှင်း (UN-CRC)၏ ပဋိပက္ခ အတွင်း ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် နောက်ဆက် တွဲအခြေပြ စာချုပ်ကို မြန်မာနိုင်ငံက လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ထို့အပြင် ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီကို (၇.၁.၂၀၁၉) ရက်နေ့က ဖွဲ့စည်းခဲ့ပြီးဖြစ်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်တစ်ရပ်ကို ရေးဆွဲဆောင်ရွက် နေပါကြောင်း၊ တပ်မတော်မှနှုတ်ထွက်ခွင့်ပေးလိုက်သော အရွယ်မရောက်သေးသူများ ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးနေကြောင်း၊ မြန်မာနိုင်ငံ၏လူငယ်မူဝါဒတွင်လည်း အဆိုပါလူငယ်များကို အထူးကာကွယ်စောင့်ရှောက်ကူညီပေးရန်လိုအပ်သည့် အုပ်စုတွင် ထည့်သွင်းထားပါကြောင်း၊ ပဋိပက္ခများအတွင်းအမျိုးသမီးနှင့် မိန်းကလေးငယ်များ အပေါ် အကြမ်းဖက်မှုမှတားဆီးကာကွယ်တုံ့ပြန်နိုင်ရေးအတွက် ကိုလည်း ပူးတွဲကြေငြာချက်အား လက်မှတ်ရေးထိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်လည်း ကလေးသူငယ်များနှင့် ပတ်သက်သည့် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများပပျောက်စေရေး၊ ပညာရေး၊ ကျန်းမာရေး လက်လှမ်းမီစေရေး စသည့်အချက်များကိုထည့်သွင်း၍ ပြည်ထောင်စု၏သဘောတူညီချက် လက်ရှိ(၅၁)ချက်တွင် ပါဝင်ပါကြောင်းနှင့်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ်ထူထောင်၍ ကလေးသူငယ်များ၏ အနာဂတ်ကောင်းမွန်စေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အထူးကိုယ်စားလှယ်က အဆိုပါတိုးတက်မှုများမှာ အားရစရာကောင်းပါကြောင်း၊ အဆိုပါ တိုးတက်မှုများကို နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လိုပါကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏ ပကတိအနေအထားကို နားလည် သဘောပေါက်ရန် ကြိုးပမ်းနေကြပါကြောင်း၊ ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး၊ အရွယ် မရောက်သေးသော ကလေးများစစ်မှုထမ်းခြင်းမှကာကွယ်ရေးနှင့် နှုတ်ထွက်ခွင့်ပေးလိုက်သော ကလေးသူငယ်များ ပြန်လည်ထူထောင်ရေးတို့မှာ ငွေအား၊ လူအားနှင့် နည်းပညာပိုင်းများစွာ လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့်ပူးပေါင်း၍ လိုအပ်သော အရင်း အမြစ်များကို ရယူနိုင်ပါကြောင်း၊ ကလေးသူငယ်များ ပြန်လည်ထူထောင်ရေး၊ အကူအညီအထောက်အပံ့များမှာ အချိန်အတိုင်း အတာတစ်ခု အထိသာ ပေးအပ်နိုင်မည်ဖြစ်ရာ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစီအမံများချမှတ်ဆောင်ရွက်သင့်ပါကြောင်းနှင့် အထူး ကိုယ်စား လှယ်ရုံးမှ လည်း ပူးပေါင်းဆောင်ရွက်ပေးနိုင်ပါကြောင်း၊ ကလေးသူငယ်များအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ အလွန်အရေးကြီးသလို ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ငြိမ်းချမ်းရေးရရှိပြီးနောက် ကလေးသူငယ်များနှင့်ပတ်သက်၍ မည်ကဲ့သို့ ကာကွယ်စောင့်ရှောက်ပေးမည်၊ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သို့ဆောင်ရွက်မည်ကို ကြိုတင်၍ ဆွေးနွေးသဘောတူထားဖို့လိုပါကြောင်း၊ သို့မှသာ ငြိမ်းချမ်းရေးရရှိပြီးနောက် ကလေး သူငယ်များ အနေဖြင့် ကလေးအလုပ်သမားကိစ္စများ၊ လူကုန်ကူးကိစ္စရပ်များ စသည်တို့မှ ရှောင်လွှဲနိုင်မည်ဖြစ်ပါကြောင်း၊ မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်များမှာလည်း ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံစိတ်ချရေးတို့အတွက် အရေးပါ ပါကြောင်းပြောကြား ခဲ့ပြီး ကုလသမဂ္ဂဖွံ့ဖြိုးမှုပန်းတိုင်များ ၂၀၃၀ ခုနှစ်တွင် ပြည့်မီစေရေး အတွက် ယခုဆယ်စုနှစ်သည် အင်တိုက်အားတိုက် ဆောင်ရွက်ကြမည်ဖြစ်ပြီး အဓိက ဦးစားပေးနယ်ပယ်များအဖြစ် ကျား/မရေးရာ၊ ရာသီဥတုပြောင်းလဲမှုနှင့်ကလေးသူငယ်ဆိုင်ရာ ကိစ္စရပ်များဖြစ်ရာ မြန်မာနိုင်ငံက ဆောင်ရွက်နေမှုများနှင့် များစွာကိုက်ညီပါကြောင်းနှင့် ဆက်လက်၍ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့ပါသည်။
ထို့နောက် ရှေ့ဆက်ဆောင်ရွက်မည့်နယ်ပယ်များအလိုက် အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1_otr
Source: MSWRR