မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် အသိပညာပေးဟောပြောပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနသည် ပြည်သူများနှင့် အမြဲ ထိတွေ့ဆက်ဆံနေရသော ဝန်ကြီးဌာနတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူများ ကြုံတွေ့ခံစားရသော လူမှုဒုက္ခအဖြာဖြာ၊ သဘာဝကြောင့်ဖြစ်သောဘေးဒုက္ခနှင့် လူကြောင့်ဖြစ်သောဘေးဒဏ်များမှ လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးသကဲ့သို့ လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အဖက်ဖက်ကလိုအပ်ချက်များပြားပါ ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများကြောင့် ဖွံ့ဖြိုးမှုများနှောင့်နှေးလျက်ရှိကြောင်း၊ လူသားစွမ်းရည် အရင်းအမြစ်များနှင့်နည်းပညာများလည်း လိုအပ်ချက်များပြားလျက်ရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်နှင့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရန်လိုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လူသားစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကဆောင်ရွက်နေရသော ဌာနဟုဆိုလျင် မမှားပါကြောင်း၊ ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှစ၍ သက်ကြီးရွယ်အိုအထိ လူ့ဂုဏ်သိက္ခာနှင့်အညီ ရှင်သန်နေထိုင်ရေးအတွက် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများဖြင့် ၎င်းတို့၏ လူ့အခွင့်အရေးကို အပြည့်အဝရရှိနိုင်ရန်၊ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်မှုများဖြင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးကို လူသားများကသာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် စွမ်းရည်ပြည့်ဝသော၊ အတွေးအခေါ် အယူအဆမှန်ကန်သော၊ ကိုယ်ကျင့်တရားကောင်းသော လူသားစွမ်းရည်အရင်းအမြစ်များ လိုအပ်ပါကြောင်း၊ လူသားစွမ်းရည်အရင်းအမြစ်ကောင်းများရရန် ရှေးဦးအရွယ်ထဲက ဦးနှောက်ဖွံ့ဖြိုး တိုးတက်မှုနှင့် ခန္ဓာကိုယ်ပုံမှန်ကြီးထွားမှုများအတွက် လေ့ကျင့်ပျိုးထောင်ကြရမည်ဖြစ်ကြောင်း၊ လူသားတစ်ဦးချင်းက မိမိတို့၏ ရပ်တည်မှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကြိုးစားဆောင်ရွက် ရာမှာ အဟန့်အတားဖြစ်စေမည့်ကိစ္စများကိုလည်း ဖယ်ရှားရမှာဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါး အန္တရာယ်သည် အဟန့်အတားဖြစ်စေမည့် အရေးကြီးသည့်ပြဿနာတစ်ရပ်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးကြောင့် ကျန်းမာရေး၊ လူ့ကိုယ်ရည်ကိုယ်သွေးနှင့် အကျင့်စာရိတ္တများ ထိခိုက်ကျဆင်း ပြီး လူမှုပတ်ဝန်းကျင်တွင် ရပ်တည်မှုခဲယဉ်းသွားမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲမှုမပြုလုပ်ကြရန် ငယ်စဉ်ဘဝထဲက အသိပညာပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများသည် ကိုယ့်မိသားစု၏ တာဝန်များကို ယူကြရသကဲ့သို့ ပြည်သူလူထု၏တာဝန်ကိုလည်း ထမ်းဆောင်ကြရသည့်အတွက် တာဝန်ကြီးပါကြောင်း၊ မူးယစ်ဆေးဝါးများသည် လက်လှမ်းမီသော နေရာတွင် ရောက်ရှိနေသဖြင့် ဝန်ထမ်းများအနေဖြင့် မသုံးစွဲမိရန်နှင့်လက်ဝယ်ထားရှိခြင်း မပြု ကြရန် အရေးကြီးကြောင်း၊ စမ်းသပ်သုံးစွဲမိခြင်းနှင့် လက်ဝယ်ထားရှိမိခြင်းသည် ထောင်ချောက် မိခြင်းဖြစ်ပြီး အန္တရာယ်ကျရောက်မည်ဖြစ်သည်ကို သတိမူကြရမည်ဖြစ်ကြောင်း၊ စတင်သုံးစွဲမှုပြုမိ၍ ဘဝပျက်နေသောဆေးစွဲသူများကို ဆေးဖြတ်ပေးပြီး ပြန်လည်ထူထောင်ရေး လုပ်ပေးရန်သည် မိမိတို့၏ တာဝန်ဖြစ်၍ မိမိတို့အနေဖြင့် အသိနှင့်သတိဖြင့် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိတို့အပါအဝင် ပြည်သူများ မူးယစ်သံသရာထဲ မကျရောက်စေရန်အရေးကြီးကြောင်း၊ အနာဂါတ် မျိုးဆက်သစ်များကို ကောင်းမွန်သည့် လက်ဆင့်ကမ်းအမွေပေးနိုင်ရန် မိမိတို့အနေဖြင့် တာဝန် ဝတ္တရားများကို အကောင်းဆုံးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မူးယစ်သံသရာမှ ရုန်းထွက်ရန် လုပ်ဆောင်ရာတွင် ထိရောက်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ် ပေါ်ပေါက်ရန် လိုအပ်နေ ပါကြောင်း၊ ပြည်သူများ လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ထက်သန်သည့် စိတ်စွမ်း အားဖြင့် မူးယစ်ဆေးဝါးကို ရှောင်ကြဉ်ကြစေရေး ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလို ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းဇော်က မူးယစ်ဆေးဝါးပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ပညာပေး ဟောပြောခြင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ဌာနခွဲမှူး ဒုတိယရဲမှူးကြီး ရဲနိုင်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအား အသိပညာပေး ဟောပြောခြင်း၊ သုတေသန၊ သတင်းအချက်အလက်ဌာနခွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဉီးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး ဟောပြောခြင်း၊ ကုတင် -၁၀၀၀ နေပြည်တော်ပြည်သူ့ဆေးရုံကြီး ကုသရေးဉီးစီးဌာန မှ ပါမောက္ခ ဒေါက်တာဆန်းလင်းက မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး ဒေါ်သူသူဖေက မူးယစ်ဆေးဝါး ဥပဒေဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ကို အသီးသီး ဟောပြောဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။