အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်း ဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

10_Pic_01

ဇန်နဝါရီ ၉၊ နေပြည်တော်

          အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် အတည်ပြုခြင်းနှင့် စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြလမ်းညွှန်မှု ခံယူနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းကော်မတီ ဥက္ကဌ၊  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့အစည်းအဝေးသည် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့တင်ပြဆောင်ရွက်ရမည့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်နှင့် စပ်လျဉ်း၍ အကြိုညှိနှိုင်းခြင်းဖြစ်ကြောင်း၊အမျိုးသားကော်မတီ သည် လုပ်ငန်းကော်မတီ(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့ရာသီဥတု အပြောင်းအလဲ ကြောင့်  တစ်ကမ္ဘာလုံးရှိပြည်သူလူထုအားလုံး ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားနေကြရသည်မှာ အားလုံးအသိပင်ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲမှုဒဏ်သည် သဘာဝကြောင့် ဖြစ်ပေါ်လာသလို၊ လူများ၏ ပြုမှုဆောင်ရွက်ချက်များ၊ တီထွင်မှုများနှင့် ဆက်စပ် လုပ်ငန်းများကြောင့်လည်း သဘာဝဘေးဒဏ်များကိုခံစားရပါကြောင်း၊ မြေထုညစ်ညမ်းမှုဒဏ်၊ လေထုညစ်ညမ်းမှုဒဏ်နှင့် ရေထုညစ်ညမ်းမှုဒဏ်များကို သက်ရှိသက်မဲ့များ အားလုံးက ခံစားနေရ ကြောင်း၊အမျိုးသားအဆင့် ရေထုညစ်ညမ်းမှုတုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ရေးဆွဲထားပါကြောင်း၊ အဆိုပါစီမံချက်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တင်ပြပြီး ဆုံးဖြတ်ချက်ရယူနိုင်ရန်ဖြစ်ကြောင်း၊ ယခုစီမံချက်ကို လေ့လာကြည့်ပါက ဆီယိုဖိတ်မှုသည် ရေထုညစ်ညမ်းမှုအတွက် အဓိကဖြစ်သည်ကို သိရှိရပါကြောင်း၊ မြစ်ကြောင်းတစ်လျောက် ဆီတင်၊ ဆီချလုပ်ငန်းများကြောင့်လည်း ဖြစ်ပေါ်စေကြောင်းနှင့် ရေကြောင်းမတော်တဆမှုများကြောင့်လည်း ရေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လျက်ရှိသည်ကို သိရှိရကြောင်း၊ ထိုကိစ္စများကြောင့် ဆိုးကျိုးများ ဖြစ်ပေါ်လာကာ ကမ်းရိုးတန်းတွင်ရှိကြသည့် ငှက်များ၊ ရေနေသတ္တဝါများ၊ သဘာဝကမ်းခြေများ၊ ကမ်းရိုးတန်းတစ်လျောက်ရှိ အဆောက်အအုံများ၊ ဒီရေတောများ ထိခိုက်ပျက်စီးမှုများရှိကြောင်း၊ ခရီးသွားလာရေး လုပ်ငန်းနှင့် ငါးလုပ်ငန်းများကိုလည်း ခြိမ်းခြောက်မှုရှိလာပါကြောင်း၊ ထို့ကြောင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်သည် မဖြစ်မနေ လိုအပ်လာရပါကြောင်း၊ စီမံချက်ကို နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များနှင့် ပူးပေါင်းကာ လုပ်ငန်း အထူးအဖွဲ့ (National Task Force) ဖွဲ့စည်းပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရေးဆွဲ ခဲ့သည်ဟုသိရှိရပါကြောင်း၊ စီမံချက်တွင် မဟာဗျူဟာစီမံချက်နှင့် ဖြစ်စဉ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်ဟူ၍ အပိုင်း(၂)ပိုင်းရှိပါကြောင်း၊ အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက် ရေးစီမံချက်ကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီ (၁၂)ခုအနက်မှ ဆက်စပ် လုပ်ငန်းကော်မတီများဖြစ်သည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်း ကော်မတီများသို့ သဘောထားအကြံပြုချက်များ ပေးပို့တောင်းခံပြီးဖြစ်ရာ ပြင်ဆင်ရရှိလာသော အချက်များအပေါ် အခြားသော လုပ်ငန်းကော်မတီများ၏ အကြံပြုချက်များနှင့်အညီ ရေးဆွဲပြီး ဖြစ်သည့် စီမံချက်(မူကြမ်း)ကို အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီသို့ တင်ပြနိုင်ရေး ဝိုင်းဝန်းဆွေးနွေးအတည်ပြုပေးကြဖို့ တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်လျက်ရှိရာ ယခုစီမံချက်ကို မိမိတို့ ဝန်ကြီးဌာနက လက်မှတ်ရေးထိုးထားသည့် အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ်များနှင့်အညီ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ညှိနှိုင်း ရေးဆွဲထားပါကြောင်း၊ စီမံချက်ထဲတွင် ရေထုညစ်ညမ်းမှု အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းအတွက် အဓိကထားရေးဆွဲထားကြောင်း၊ စီမံချက် အမည်နှင့်လုပ်ငန်းကော်မတီ အသစ်ထပ်မံဖွဲ့စည်းရန် လိုအပ်မှုအခြေအနေနှင့် ပတ်သက်၍လည်း ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် ရေးဆွဲရခြင်းအကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ရှင်းလင်းဆွေးနွေးခြင်း၊ စီမံချက်အပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ဆွေးနွေးအကြံပြုချက်များကို တက်ရောက်လာကြသော လုပ်ငန်းကော်မတီ (၁၂)ခုမှ တာဝန်ရှိသူများက အသီးသီး ဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြပါသည်။

ယင်းနောက် အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု တုံ့ပြန်ဆောင်ရွက်ရေးစီမံချက်ကို အမျိုးသားအဆင့် ရေထုညစ်ညမ်းမှု အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး စီမံချက်အဖြစ် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီထံသို့ တင်ပြလမ်းညွှန်မှုခံယူနိုင်ရေး ဆုံးဖြတ် ချက်ရယူခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1
#npw_dec2019

Source: MOSWRR

Sign Up

Upcoming Events