ဇန်နဝါရီ ၇၊ နေပြည်တော်
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးဆိုင်ရာ နိုင်ငံအဆင့် စံလုပ်ငန်းအစီအစဉ် အပြီးသတ်အတည်ပြုရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ ဥက္ကဌတာဝန်ကို တာဝန်ယူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပြည်ပနိုင်ငံများသို့ လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ၁၉၉၂ ခုနှစ် ကတည်းက စတင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေနဲ့ လူကုန်ကူးခြင်းအား ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတစ်ခုအဖြစ်မှတ်ယူကာ အမျိုးသားရေးတာဝန်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ မိသားစုများနှင့် ပြန်လည်ဝင်ဆံ့ ပေါင်းစည်းရေးလုပ်ငန်းများအား အောင်မြင်အောင် ဆောင်ရွက်လျက်ရှိပြီး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှုသည် အရေးကြီး ပါကြောင်း၊ မိမိတို့ပံ့ပိုးကူညီပေးသော ပြန်လည်ထူထောင်ရေးဝန်ဆောင်မှုများ ရရှိခံစားရသည့် လူကုန်ကူးခံရ သူများအနေနဲ့ ၎င်းတို့အတွက် အကျိုးဖြစ်ထွန်းမှုနှင့် ထိရောက်မှု ရှိ/မရှိကို သိရှိနိုင်ဖို့ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့မှသာ ၎င်းတို့လိုအပ်ချက်နှင့် ပံ့ပိုးကူညီမှုများ ကိုက်ညီပြီး အောင်မြင်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖြစ်လာမည်ဖြစ်ကြောင်း၊ စံလုပ်ငန်းအစီအစဉ်များ ရေးဆွဲရာတွင်လည်း နိုင်ငံတော်တွင် ပြဌာန်းထားရှိသော တည်ဆဲဥပဒေများ၊ သက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လုပ်ထုံးလုပ်နည်း၊ ဥပဒေများနဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်လည်း အရေးကြီးပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်လည်း ချိတ်ဆက်ဆောင်ရွက်ဖို့လိုကြောင်း၊ တက်ရောက်လာကြသော ဌာနများမှလည်း လိုအပ်သောအချက်များ ထည့်သွင်းဆွေးနွေးပေးစေလိုကြောင်း၊ ယခု စံလုပ်ငန်းအစီအစဉ် နည်းပညာပိုင်းဆိုင်ရာ အကူအညီအတွက် IOM (Myanmar) မှ ကူညီပံ့ပိုး ဆောင်ရွက်လျက်ရှိကြောင်း၊ သက်ဆိုင်ရာဌာနများအလိုက် အကြံပြုချက်များလည်း ပေးပို့ပြီးဖြစ်သဖြင့် အတည်ပြု ရန်အတွက် ဝိုင်းဝန်းဆွေးနွေးပေးရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များ ပေါင်းစပ်ညှိနှိုင်း၍ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှု ကျူးလွန်သူများနှင့် ပတ်သက်၍ သတင်းပေးစေခြင်း၊ ကျူးလွန်သူများအား အရေးယူဆောင်ရွက်ခြင်း၊ အသိပညာပေးမှုများ အရှိန်အဟုန်မြှင့်ခြင်း၊ နိုင်ငံတကာ ကျွမ်းကျင်သူများကို ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားရန် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ IOM(Myanmar), World Vision, UNICEF(Myanmar), JICA တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl2
#npw_jan2020
Source: MOSWRR