ဇန်နဝါရီ ၊ ၆ ၊ မြစ်ကြီးနား
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင်အထည်ဖော်နိုင် ရေးအတွက် ဆွေးနွေးခြင်းကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်တို့ တက်ရောက်ခဲ့ကြပါသည်။
ရှေးဦးစွာ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာခက်အောင်၊ ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရ၏ ချမှတ်ထားသော မူဝါဒများ၊ ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင် မိမိတို့ဝန်ကြီးဌာနက တာဝန်ယူရသည့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်း၊ သဘာဝဘေးနှင့် လူ့ကြောင့်ဖြစ်သောဘေးအန္တရာယ်ဆိုင်ရာလုပ်ငန်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို အပြန်အလှန်ညှိနှိုင်းဆွေးနွေးရန် ဖြစ်ကြောင်း၊ အထူးသဖြင့် တိုင်းရင်းသားပြည်သူများ၏ အကျိုးစီးပွားအတွက် လိုအပ်သော ပံ့ပိုးကူညီမှုများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန် ဖြစ်ကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။
ထို့နောက် ကချင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးလုပ်ငန်း၊ မူလနေရာများသို့ ပြန်လည်အခြေချနေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများ၏ လက်ရှိအခြေအနေများ၊ မူယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ပူးပေါင်းရင်ဆိုင်ကျော်လွှားရမည့်စိန်ခေါ်မှုများနှင့် အကြံပြုချက်များကို အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုအပေါ် ပြည်ထောင်စုဝန်ကြီး၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒုတိယဝန်ကြီး နှင့် ညွှန်ကြားရေးမှူးချုပ်များက ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ စတင်အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စများ၊ လုံခြုံရေးဆိုင်ရာကိစ္စများ၊ မဟာဗျူဟာအပေါ် လုပ်ငန်းစီမံချက်များရေးဆွဲပြီး အကောင်အထည် ဖော်ရာတွင် ဘဏ္ဍာရေးဆိုင်ရာကိစ္စများ၊ မူးယစ်ဆေးဖြတ်ပြီးသူများအတွက် ပြန်လည်ထူထောင်ရေး သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူမှုအဖွဲ့အစည်းများက ဆောင်ရွက်လျက် ရှိသည့် မူးယစ်ဆေးဖြတ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးစခန်းများကို ဥပဒေ၊ စံလုပ်ထုံးလုပ်နည်းများ နှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရေး စိစစ်ညှိနှိုင်းရန် လိုအပ်မှုများနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေး ခဲ့ကြပါသည်။
မွန်းလွဲပိုင်းတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်းအကောင် အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးခြင်းကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ အစိုးရအနေဖြင့် တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအားလုံးအခွင့် အရေးများကို သာတူညီမျှခံစားရရှိစေပြီး လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆင့်အဆင့် ကြိုးပမ်းလျက်ရှိကြောင်း၊ ဆောင်ရွက်မှုများသည် ရေရှည်လုပ်ငန်းများဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒ ၊ ဥပဒေ၊ နည်းဥပဒေနှင့် မဟာဗျူဟာများ လိုအပ်ချက်များကို ဖော်ဆောင်လျက်ရှိပါကြောင်း၊ မဟာဗျူဟာများရှိမှသာ လုပ်ငန်းစဉ်များ ရေဆွဲဖော်ပြပြီး အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်၏ ရန်ပုံငွေခွဲဝေရာ၌ ပါဝင်မည်ဖြစ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်း များ ပိတ်သိမ်းရေးဆိုင်ရာမဟာဗျူဟာသည် မိမိတို့နိုင်ငံ၏ တည်ဆဲဥပဒေများ၊ နိုင်ငံတကာစံချိန် စံညွှန်း များနှင့် ကိုက်ညီအောင် နိုင်ငံတော်အဆင့်အတည်ပြု ရေးဆွဲထားခြင်းဖြစ်ကြောင်း၊ မိမိတို့၏ နေရပ်၊ အိုးအိမ်၊ စည်းစိမ်များကို စွန့်ခွာရသည့် ဘေးဒုက္ခသည် ကြီးမားပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာ သူများအား ပြန်လည်နေရာချထားရာတွင် ဘေးကင်းလုံခြုံမှုရှိရန်၊ ဂုဏ်သိက္ခာရှိရန်နှင့် အမှီအခိုကင်းစွာ ပြန်လည် ရပ်တည်နိုင်ပြီး ရေရှည်တည်တံ့ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့သည့် ပြန်လည် အခြေချနေထိုင်မှုဖြစ်ရန်သည် အရေးကြီးပါကြောင်း၊ မိုင်းရှင်းလင်းရေးကိစ္စများနှင့်ပတ်သက်၍ ဆက်စပ် ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း၊ ယခုမဟာဗျူဟာသည် ယာယီခိုလှုံရာ စခန်းများ ဖွင့်လှစ်ထားရသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်များ အားလုံးနှင့်ဆိုင်သည့် အခြေခံအချက်အလက်များပါဝင်အောင် ရေးဆွဲထားသော်လည်း လုပ်ငန်းစဉ်များ ရေးဆွဲကြရာတွင် မိမိတို့ဒေသ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ရေးဆွဲကြရန် အရေးကြီးပါကြောင်း၊ ပြည်သူများအားလုံးသာတူညီမျှခံစားရရှိရေးအတွက် နိုင်ငံ၏ဦးတည်ချက်များဖြစ်သည့် တရားဥပဒေစိုးမိုး ရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက် ရေးတို့ကို အစိုးရက အစဉ်တစိုက် ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အခြေခံလိုအပ် ချက်ဖြစ်သည့် ထာဝရငြိမ်းချမ်းရေးကို မဖြစ်မနေလိုအပ်သော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ပူးပေါင်း ပါဝင်မှသာ အောင်မြင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ကို တင်ပြခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များ၊ ယာယီခိုလှုံရာစခန်းများရှိ ကိုယ်စားလှယ်တိုင်းရင်းသား ပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ်နှင့် ပြည်နယ်အစိုးရတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ ယာယီခိုလှုံရာစခန်းများမှ တာဝန်ရှိသူများ၊ လူမှုအဖွဲ့အစည်းများ၊ UN ၊ NGO ၊ INGO အဖွဲ့များ၏ ကိုယ်စားလှယ်များ၊ ယာယီခိုလှုံရာစခန်းများက ပြည်သူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။