ဇန်နဝါရီ၃၊နေပြည်တော်
အမျိုးသားအဆင့် မိုင်းကင်းစင်ရေးလှုပ်ရှားမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ မိုင်းကင်းစင်ရေး လုပ်ငန်းသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ကြရမည့် လုပ်ငန်းဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် မိုင်းကင်းစင်ရေးလုပ်ငန်းအတွက် အမျိုးသားအဆင့်အဖွဲ့အစည်းတစ်ခု ပေါ်ထွက်လာရေးညှိနှိုင်းကြရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူကြောင့် ဖြစ်သော ဘေး၊ သဘာဝကြောင့်ဖြစ်သော ဘေးများတွင် ဘေးဒုက္ခခံစားကြရသူများအား ပံ့ပိုးကူညီမှု များကို ဆက်စပ်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အလျင်အမြန်တုန့်ပြန်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ဘေးဒုက္ခများတွင်လက်နက်ကိုင်ပဋိပက္ခများကြောင့် မိမိတို့၏အိုးအိမ်၊ စည်းစိမ်များကို စွန့်ခွာကြရခြင်း သည် ကြီးမားသောဒုက္ခဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင်လက်နက်ကိုင် ပဋိပက္ခများကြောင့်ပြည်တွင်း နေရပ်စွန့်ခွာသူများရှိသည်ကို အားလုံးအသိပင်ဖြစ်ပါကြောင်း ၊ပြည်တွင်းနေရပ်စွန့်ခွာသူများသည် ၎င်းတို့၏ နေရပ်များထံသို့ငြိမ်းချမ်း လုံခြုံစွာပြန်လည် အခြေချနေထိုင်ရန် ဆန္ဒရှိကြပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ပေးရန်အစိုးရတွင်တာဝန်ရှိသကဲ့သို့ပဋိပက္ခများချုပ်ငြိမ်းရေးနှင့်လည်းဆက်စပ်လျက်ရှိပါကြောင်း၊ရေရှည်ပဋိပက္ခများကင်းဝေးရေးအတွက်နည်းမျိုးစုံဖြင့်အစိုးရကဆောင်ရွက်လျက်ရှိကြောင်း၊ပြည်တွင်းနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာတစ်ရပ်အတည်ပြုပြီးဖြစ်ပါကြောင်း၊သို့ရာတွင်ရေရှည်ပဋိပက္ခများကင်းဝေးပြီးငြိမ်းချမ်းရေးရှိမှာသာပြန်လည်နေရာချထားရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုအပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊သို့ရာတွင်လက်ရှိအခြေအနေတွင် အဆိုပါလုပ်ငန်းများဆောင်ရွက်နိုင်ရန်အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်သည့်မိုင်းကင်းစင်ရေးလှုပ်ရှားမှုကိုအမျိုးသားအဆင့်အဖွဲ့ဖွဲ့စည်းပြီးကြိုတင်ဆောင်ရွက်ထားရန်အရေးကြီးပါကြောင်း၊၂၀၁၃ခုနှစ်စ၍မြန်မာနိုင်ငံမိုင်းလုပ်ငန်းအာဏာပိုင်အဖွဲ့ဆိုင်ရာလုပ်ငန်းလမ်းညွှန်များကို Norwegian People’s Aid အဖွဲ့၏ အကူအညီဖြင့်စတင်ရေးဆွဲခဲ့ပြီးမူကြမ်းများရရှိပြီးမိုင်းလုပ်ငန်းဆောင်ရွက်ရေးနှင့်မဟာဗျူဟာရေးဆွဲရေးတွင်အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊မဲခေါင်ဒေသနိုင်ငံများတွင်လည်း Mine Action Authority ဖွဲ့စည်းပြီး Mine Action Centre များတည်ထောင်၍Humanitarian Deminingနှင့် ပတ်သက်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊မိမိတို့နိုင်ငံအနေဖြင့်လည်းASEAN Regional Mine Action Centre နှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင်Geneva International Centre for Humanitarian Deminingအဖွဲ့နှင့်လည်းပူးပေါင်းဆောင်ရွက်မှုများရှိပါကြောင်းနှင့်ယနေ့အစည်းအဝေးသည်မိုင်းကင်းစင်ရေးလှုပ်ရှားမှုအတွက်အစပြုသောညှိနှိုင်းအစည်းအဝေးဖြစ်သည့်အတွက် အားလုံးဝိုင်းဝန်းဆွေးနွေးပေးကြရန်တိုက်တွန်းလိုကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက်ဒုတိယဝန်ကြီးများ၊အမြဲတမ်းအတွင်းဝန်များ၊ညွှန်ကြားရေးမှူးချုပ်များနှင့်အစည်းအဝေးသို့တက်ရောက်လာကြသည့်ဝန်ကြီးဌာနအသီးသီးရှိတာဝန်ရှိသူများကအမျိုးသားအဆင့်မိုင်းကင်းစင်ရေးလှုပ်ရှားမှုနှင့်ပတ်သက်သည့်လုပ်ငန်းများကိုဆွေးနွေးတင်ပြကြပြီးအမျိုးသားအဆင့်မိုင်းရှင်းလင်းရေးအာဏာပိုင်အဖွဲ့ဖွဲ့စည်းနိုင်ရေးအတွက်အဆင့်ဆင့် ဆက်လက် ဆောင်ရွက်နိုင်ရန် လုပ်ငန်းအဖွဲ့ ဖွဲ့စည်းပြီး စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_jan2020
Source: MOSWRR