*********************************************************
***************************
ဒီဇင်ဘာ၊၂၉၊ရန်ကုန်
စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့(မီလီ)ကဦးဆောင်၍ ယမန်နေ့ညနေပိုင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ၌ ကျင်းပပြုလုပ်ရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဒုတိယဥက္ကဌ (၁) ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ရှေးဦးစွာ စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံမသန်စွမ်းသူများအနုပညာပွဲတော်ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဌဦးဝင်းမြ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအရှေ့ဆောင် အဖွဲ့ (မီလီ)၏ အမှုဆောင် ဒါရိုက်တာဦးနေလင်းစိုးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ မသန်စွမ်း အနုပညာရှင်များ၊ ပွဲတော်ကျင်းပနိုင်ရေးအတွက် ပံ့ပိုးပေးကြသည့် အလှူရှင်များနှင့် အတူစုပေါင်း မှတ်တမ်းဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ အနုပညာပွဲတော်များထဲတွင် မသန်စွမ်း အနုပညာပွဲတော်ဖြစ်သည့်အတွက် ထူးခြားပါကြောင်း၊ မသန်စွမ်းအနုပညာပွဲတော်သည် (၄) ကြိမ်မြောက် ကျင်းပခြင်း ဖြစ်သည် ဟုသိရှိရပါကြောင်း၊ ထို့အပြင်၂၀၁၄ ခုနှစ်တွင် အာဆီယံမသန်စွမ်းသူများ အနုပညာပွဲတော်ကို မြန်မာ နိုင်ငံက အိမ်ရှင်အနေဖြင့် ကျင်းပခဲ့ရာ မသန်စွမ်းသူူများ အတွက်အနုပညာစွမ်းရည်များ ပြသရန်လမ်းပွင့်ခဲ့ကြောင်း၊ အနုပညာနှင့်ပတ်သက်၍ ခံစားမှုနှင့်ဖန်တီးမှုများအတွက် စွမ်းရည်လိုပါကြောင်း၊ ထိုမသန်စွမ်းအနုပညာရှင်များသည် မိမိတို့၏ မသန်သော်လည်းစွမ်းနိုင်မှုကို အနုပညာဖြင့် ပြသနေခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းများအတွက် မိမိတို့၏ စွမ်းရည်များကိုပြသရန်အဟန့်အတား၊ အတားအဆီးများပယ်ပျောက်ပြီး လက်လှမ်းမီရန်လိုအပ်ပါကြောင်း၊ လက်လှမ်း မီစေရေး ပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းများနှင့်ပတ်သက်၍ ပြောမှားဆိုမှား၊ အယူ အဆမှား၊ ခံယူချက်အမှားအားလုံးကို ပြုပြင်နိုင်ရန်ဆောင်ရွက် နေသည့်ကာလလည်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများ ဖော်ဆောင်ဖို့အဆင့်ဆင့်ကြိုးစား ဆောင်ရွက်နေသည်ကို အားလုံးအသိပင် ဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုသလမဂ္ဂကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို ဒုတိယသမ္မတ(၂) ဦးဆောင်ဖွဲ့စည်းထားကြောင်း၊ လက်တွေ့ဖော်ဆောင်ဖို့လုပ်ငန်းကော်မတီကိုလည်းဖွဲ့စည်းပြီး မသန်စွမ်းများ၏ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိရေး၊ မသန်စွမ်းအမျိုးသမီးများနှင့် ကလေးသူငယ်များ၏ကိစ္စများ၊ မသန်စွမ်းများနှင့် ပတ်သက် သော သုတေသနလုပ်ငန်းများ၊ ဘေးဒုက္ခများကြားတွင် မသန်စွမ်းများအား အလေးထားရေးကိစ္စ၊ အဓိကအားဖြင့် မသန်စွမ်းများတရားမျှတမှုရရှိရေး စသည့်ဖြင့် ကဏ္ဍအသီးသီးကို ပြည့်စုံစွာဆောင်ရွက်ပေးနိုင်ရန် ဆပ်ကော်မတီ (၉) ခုကိုဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် မသန်စွမ်းသူများအား စွမ်းနိုင်သမျှစွမ်းအောင် ဆောင်ရွက်ပေးသကဲ့သို့ မသန်စွမ်းသူများကိုယ်တိုင်ကကြိုးစားအားထုတ်မှုများကို ပြသနေသည့်အတွက် အားတက် စရာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများအဖွဲ့ချုပ်က အမျိုးသားကော်မတီတွင် ပါဝင်သကဲ့သို့ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်း မသန်စွမ်းများကိုယ်တိုင်ပါဝင်သည့် အဖွဲ့အစည်း များကို ဖွဲ့စည်းလျက်ရှိပါကြောင်း၊ အဆိုပါအဖွဲ့များနှင့်အစိုးရကဖွဲ့စည်းထားသော ကော်မတီများပူးပေါင်းပြီး မသန် စွမ်းများ အားစွမ်းနိုင်သမျှစွမ်းအောင်ပူးပေါင်းကူညီဆောင်ရွက်နိုင်မည်ဟု ပြောကြားလိုပါကြောင်း၊ မသန်စွမ်းများနှင့်ပတ်သက်၍ ကုလသမဂ္ဂကအကြံပြုထားသည့်အရေးကြီးသည့်အချက်တစ်ချက်ရှိပါကြောင်း၊မသန်စွမ်းသူများ၏အခွင့်အရေးများကို ဖော်ဆောင်ပေးရာတွင် စောင့်ကြပ်ကြည့်ရှု့ခြင်း၊ အကြံပေးခြင်း၊ အကဲဖြတ်ခြင်းများကို ဆောင်ရွက်ပေးနိုင်ရန် Independent Monitoring အဖွဲ့ကို ဖွဲ့စည်းသွားရန် အကြံပြုထားပါကြောင်း၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်ရေး ကော်မရှင်တွင်ပါဝင်သောပုဂ္ဂိုလ်များ၊ မသန်စွမ်းအဖွဲ့အစည်းများမှ ထက်မြတ်သော လွတ်လပ်သည့်ပုဂ္ဂိုလ်များ ပူးပေါင်းပါဝင်၍ မကြာခင်ဖွဲ့စည်းသွားဖို့ရှိပါကြောင်း၊ ထို့ကဲ့သို့ဆောင်ရွက်ခြင်းဖြင့် မသန်စွမ်းများအတွက် ကြိုးပမ်း ဆောင်ရွက်နေမှုများပိုမိုပီပြင်လာမည်ဖြစ်ကြောင်း၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာတွင် ပြည်သူလူထု၏ အင်အားလိုအပ်ပါကြောင်း၊ ပြည်သူများထဲတွင် မသန်စွမ်းများ၏ အင်အားကို ချန်လှပ် ထား၍ မရပါကြောင်း၊ မသန်စွမ်းများ၏အင်အားသည် တိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းမှုကို ဆောင်ရွက်ရာတွင် ကြီးမားသော အင်အားတစ်ခုဖြစ်လာမည်ဟုယုံကြည်ပါကြောင်း၊ မသန်စွမ်းများဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးရန်တိုက်တွန်းပါကြောင်းနှင့် ယနေ့ကျင်းပသည့်ပွဲတော်သည် မသန်စွမ်းသူများ၏ အနုပညာခံစားမှုနှင့် ဖန်တီးမှုစွမ်းရည်များကို ဖော်ထုတ်သည့်ပွဲဖြစ်ပြီး ကူညီဆောင်ရွက်ပေးသော အနုပညာရှင်ကြီးများ၊ မသန်စွမ်းအဖွဲ့ အစည်းများ၊ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမသန်စွမ်းအနုပညာရှင်များ၊ ဖင်လန်နိုင်ငံသံရုံးနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ အားအထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဂုဏ်ပြုအမှာစကားပြောကြား ခဲ့ပါသည်။ ထို့နောက်ပွဲတော်၏ သံတမန်အဆိုတော်ဦးဇော်ဝင်းထွဋ်က မုဒိတာစကားပြောကြားခဲ့ပြီး ပွဲတော်ကိုပံ့ပိုး ကူညီပေးကြသည့်အလှူရှင်များကိုယ်စား ဖင်လန်နိုင်ငံသံအမတ်ကြီးMs. Riikka Laatu ကဂုဏ်ပြုဝမ်းမြောက် ကြောင်းစကားပြောကြားခဲ့ကာ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မီလီ)၏အမှုဆောင် ဒါရိုက်တာ ဦးနေလင်းစိုးက ပွဲတော်ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့ပါသည်။
ထို့နောက် ပံ့ပိုးကူညီပေးကြသည့်အလှူရှင်အဖွဲ့များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ဖွင့်ပွဲဖျော်ဖြေရေးအစီအစဉ်များကိုကျင်းပရာ မီလီအဖွဲ့က Wheel Chair အကဖြင့်လည်ကောင်း၊ Redeafination စင်ကာပူနားမကြားအကအဖွဲ့၏အကဖြင့်လည်ကောင်း၊BMG Philippine Wheel Chair Para Dance – sport အကဖြင့်လည်ကောင်း ဖျော်ဖြေခဲ့ကြပြီး မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ဥက္ကဌက အနုပညာ ရှင်များအား ဂုဏ်ပြုလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပွဲတော်အတွင်း ပြသထားသော ပြခန်းများ၊ မသန်စွမ်းအဖွဲ့ အစည်းများ၏ ထုတ်ကုန်နှင့် အရောင်းဆိုင်ခန်းများကိုလှည့်လည်အားပေးကြည့်ရှု့ခဲ့ကြပါသည်။
ယင်းနောက်ပွဲတော်အစီအစဉ်ဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံမသန်စွမ်းအနုပညာရှင်အသီးသီး၏ အဆို၊အက၊ အတီးများ၊ တေးသရုပ်ဖော်များဖြင့်လည်ကောင်း၊ နိုင်ငံကျော်အဆိုတော်များ၏ အားဖြည့်သီဆိုမှုများဖြင့်လည်ကောင်း မြန်မာနိုင်ငံမသန်စွမ်းသူများ အနုပညာပွဲတော်ကို ဆက်လက်ကျင်းပခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#ygn_dec2019
Source: MOSWRR