ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ မဟာဗျူဟာရှင်းလင်းဆွေးနွေးခြင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့၌ဆောင်ရွက်

ဒီဇင်ဘာ၊၂၆၊လားရှိုး
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းခြင်းနှင့် ပူးပေါင်း အကောင်အထည်ဖော်နိုင်ရေး အတွက် ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားကို ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယာယီခိုလှုံရာ စခန်းများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုးအဖွဲ့ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ UN ၊NGO၊ INGO အဖွဲ့ကိုယ်စားလှယ်များ၊ ယာယီခိုလှုံရာစခန်းများက ပြည်သူများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည် နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာကို လာရောက်ရှင်းလင်းခြင်းဖြစ်သကဲ့သို့ ပူးပေါင်းဆောင်ရွက်ပေးကြရန် လာရောက်ဆွေးနွေးခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများအားလုံး သာတူညီမျှခံစားရရှိရေးမူကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီး ဌာနအသီးသီးကလိုအပ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာများကိုဖော်ဆောင်ပြီး အကောင် အထည်ဖော် လျက်ရှိကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူသားအရင်းအမြစ်များ၏ စွမ်းရည်မြင့်မားစေရေး အတွက် လူမှုဝန်ထမ်းဦးစီးဌာန၏ ရေရှည်လုပ်ငန်းအဖြစ် ရှေးဦးအရွယ်ကလေးသူငယ်ဘဝမှစ၍ ကြိုးပမ်း လျက်ရှိကြောင်း၊ လူသားတစ်ဦးချင်းစီ၏ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့အခွင့်အရေးများရရှိရေး အတွက် လည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုများနှင့်ပတ်သက်၍ သဘာဝဘေးနှင့် လူကြောင့်ဖြစ်သောဘေးများအတွက် လိုအပ်သောပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှ ိကြောင်း၊ ဘေးဒုက္ခများတွင်လက်နက်ကိုင် ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူများသည် မိမိတို့၏ နေရပ်များ ကိုစွန့်ခွာကြရပြီးပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့် လူမှုရေးဒုက္ခများကို ခံစားရခြင်းသည် အကြီးမားဆုံးသော ဒုက္ခဖြစ်ကြောင်း၊ ထိုဒုက္ခများကင်းဝေးရန် ထိရောက်သော ပြန်လည် ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ပေးရန် မိမိတို့တွင် တာဝန်ရှိကြောင်း၊ ယခုအမျိုးသားအဆင့် မဟာ ဗျူဟာကို ရေးဆွဲခြင်းဖြစ်ကြောင်း၊ ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ သည် ချက်ချင်းဆောင်ရွက်၍ရသော လုပ်ငန်းမျိုးမဟုတ်ကြောင်း၊ အဖက်ဖက်ကအခြေအနေပေးသော အချိန်တွင် အဆင်သင့်ဖြစ်ရန် စီစဉ်ဆောင်ရွက်ထားရခြင်းဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရေးကိုဦးတည်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ ယခုမဟာဗျူဟာသည်မိမိတို့နိုင်ငံ၏ လိုအပ်ချက်များ၊ဥပဒေများနှင့် ကိုက်ညီအောင်ရေးဆွဲ ထားသလို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီလည်းဖြစ်ပါကြောင်း၊ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေး၏ ပြည်ထောင်စုသဘောတူစာချုပ်၊ လူမှုရေးကဏ္ဍအခြေခံ မူသဘော တူညီချက်များနှင့် အညီဆောင်ရွက်နိုင်စေရန် အထောက်အကူပြုမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာသည်ပြည်တွင်း နေရပ်စွန့်ခွာသူများနှင့် ယာယီခိုလှုံရာစခန်းများဖွင့်လှစ်ထားသည့် ဒေသများအားလုံး အတွက်ခြုံငုံရေးဆွဲထားပါ ကြောင်း၊ သို့ရာတွင်လည်း ဒေသတစ်ခုနှင့်တစ်ခုမတူညီသည့် အတွက်မိမိတို့ဒေသနှင့် ကိုက်ညီသည့် လုပ်ငန်း စဉ်များကို သီးခြားစီရေးဆွဲ၍ ရေရှည်အကောင်အထည်ဖော်ကြရမှာဖြစ်ကြောင်း၊ ပြည်တွင်းယာယီခိုလှုံရာ စခန်းများပိတ်သိမ်းနိုင်ရေးမှာ လုံခြုံရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အပေါ်တွင် မူတည်ကြောင်း၊ မိမိတို့နိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သောကြောင့် ပြည်ထောင်စုနိုင်ငံသား တစ်ဦးချင်းစီက ငြိမ်းချမ်း လိုစိတ်ရှိပြီး ဘေးဒုက္ခခံစားရသော ပြည်သူများကို စာနာစိတ်ထားရှိရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံသားအားလုံး သာတူညီမျှခံစားရရှိနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် အဖက်ဖက် ကကြိုးစားဆောင်ရွက်လျက်ရှိရာ ငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားပြီး အားလုံးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ရခြင်းများကို အဆုံးသတ်နိုင်ရေးဖြေရှင်းဆောင်ရွက်မှု နည်းလမ်း များကိုရှာဖွေသကဲ့သို့ လက်ရှိနေရပ်စွန့်ခွာသူများအတွက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီးမှီခိုမှုကင်းသော ဘဝများ ပြန်လည်တည်ဆောက်ရန်ရည်ရွယ်လျက် ရေရှည်အကျိုးကိုမျှော်မှန်း၍ ဤမဟာဗျူဟာကို ရေးဆွဲ ထားခြင်း ဖြစ်ပါကြောင်းနှင့် လက်တွေ့အကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများအားလုံးက ပူးပေါင်းပါဝင်ပေးကြရန် တိုက်တွန်းပါ ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာကိုကိုနိုင်က ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ရှင်းလင်းရာ၌မဟာဗျူဟာသည် ပြည်တွင်းနေရပ်စွန့်ခွာသူများ အတွက် ဘေးကင်းလုံခြုံ၍ ဂုဏ်သိက္ခာရှိပြီးမှီခိုမှုကင်းသော ဘဝများပြန်လည်တည်ဆောက်ရန် အတွက်အဓိက ထားရည်ရွယ်ပါကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများအား ပြန်လည်နေရာချထားပေးပြီးမှသာ စခန်းများကို ပိတ်သိမ်းသွားမှာဖြစ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုလည်း အချိန်အတိုင်းအတာ တစ်ခု အထိပေးအပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းစွာအသိပေးလိုပါကြောင်းနှင့် မဟာဗျူဟာနှင့်ပတ်သက်၍ ဖြစ်ပေါ်လာပုံနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို တင်ပြခဲ့ပါသည်။
ထို့နောက်တက်ရောက်လာကြသော ယာယီခိုလှုံရာစခန်းများရှိ ကိုယ်စားလှယ်တိုင်းရင်းသားပြည်သူများက သိရှိလိုသည်များကိုမေးမြန်းကြရာ ဒုတိယဝန်ကြီးဦးစိုးအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူချုပ်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့ (၁၀)ဖွဲ့အား ထောက်ပံ့ငွေ ကျပ် (၁၀) သိန်းပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#shn_dec2019

Sign Up

Upcoming Events