ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများနှင့် လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်မှု ညှိနှိုင်းဆွေးနွေး

21_Pic_01

ဒီဇင်ဘာလ၊ ၂၁၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး သည် လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့ရှိ နေပြည်တော် ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများနှင့် တွေ့ဆုံ၍ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစီမံချက်များ အောင်မြင်စေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် ပြည်သူများအားလုံး လွတ်လပ်လုံခြုံစွာဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများချမှတ်ပြီး ဝန်ကြီးဌာန အသီးသီးက  တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ရပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာနများအနေဖြင့် လုပ်ငန်းတာဝန်များမတူညီကြသော်လည်း ပြည်သူများ၏အကျိုးအတွက် ဆောင်ရွက်ခြင်းသည်တူညီသောအချက်ဖြစ်ကြောင်း၊ ပြည်သူအကျိုးရှိမည့် အပြောင်း အလဲများကို ဖော်ဆောင်ရာတွင်အားလုံး ပူပေါင်းဆောင်ရွက်မှုဖြင့်စိန်ခေါ်မှုများစွာကို ရင်ဆိုင်ဖြေရှင်းရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ချမှတ်ထားမူဝါဒများ၊ မဟာဗျူဟာများသည် တူညီမည်ဖြစ်သော်လည်း လက်တွေ့အကောင်ထည်ဖော်မှုများတွင် မိမိတို့နေရာဒေသအလိုက် ကွဲပြားသောလုပ်ငန်းစီမံချက်များကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့တွေ့ဆုံခြင်းဖြင့် အတွေ့အကြုံများ ဖလှယ်နိုင်ကြ မည်ဖြစ်ပြီး စိန်ခေါ်မှုများကိုဖြေရှင်းပုံ နည်းလမ်းများသည် မူဝါဒများ၊ မဟာဗျူဟာများနှင့် ကိုက်ညီမှုရှိ၊ မရှိကို ဆန်းစစ်နိုင်ကြ မည်ဟု ယုံကြည်ကြောင်း၊ လုပ်ငန်းစီမံချက်များ အကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်မှုသည်လည်း အရေးကြီးပါ ကြောင်း၊ ပထမဦးစွာ မိမိတို့ဝန်ကြီးဌာနရှိ ဦးစီးဌာန(၃)ခု၏ ပူးပေါင်းဆောင်ရွက်မှုအားကောင်းရန် လိုကြောင်း၊ ဆက်စပ်ဝန်ကြီး ဌာနများနှင့်လည်း ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပို၍အရေး ကြီးသည်မှာ ပြည်သူများ၏အသံများကိုနားထောင်ပြီး ပြည်သူများ၏ပါဝင်မှုဖြင့် လူမှုအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ကြောင်း၊ မိမိတို့၏နိုင်ငံသည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ဖြစ်သောကြောင့် မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးထားသော ကုလသမဂ္ဂကွန်ဗင်းရှင်းများကိုလည်း သိရှိလေ့လာထားရန်လိုအပ်ကြောင်း၊ နိုင်ငံတော်ကပြဠာန်းထားသော ဥပဒေ၊ နည်းဥပဒေ များကို ရှင်းလင်းစွာ သဘောပေါက်နားလည်၍ ပြည်သူများ၏အကျိုးကို ကာကွယ်စောင့်ရှောက် မြင့်တင် ပေးရန်ဖြစ်ကြောင်း၊ ဝန်ထမ်းအားလုံးသည် အချင်းချင်းစာနာစိတ်ဖြင့်  စည်းလုံးညီညွတ်စွာ တာဝန်များကို ကျေပွန်အောင် ထမ်းဆောင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးဦးစိုးအောင်က ဌာနအသီးသီး၏လုပ်ငန်းလိုအပ်ချက်များ၊ သတိပြုလိုက်နာရန်အချက်များကို ဆွေးနွေးပြောကြားခဲ့ပြီးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ နှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက ပြီးခဲ့သည့်ဘဏ္ဍာနှစ်အတွင်း ဌာနလုပ်ငန်းအလိုက် အားသာချက်၊ အားနည်းချက်များ၊ စိန်ခေါ်မှုများကို အပြန်အလှန် ဆွေးနွေး ခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြပါသည်။ အစည်းအဝေးကို ယနေ့ အထိ နှစ်ရက်တာကျင်းပခဲ့ကြောင်း သတင်းရရှိပါသည်။

#hl1_otr

#npw_dec2019

 Source:   MSWRR

Sign Up

Upcoming Events