အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးမူဘောင်ကို အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီ လေ့လာရေးစီမံချက် အလုပ်ရုံဆွေးနွေးပွဲသို့ အဖွင့်အမှာစကားပြောကြားခြင်း၊ ရေဘေးသင့်ဒေသများအတွက် အလှူပစ္စည်းများလက်ခံခြင်းနှင့် ကုလသမဂ္ဂအဖွဲ့အစည်းမှ လာရောက်တွေ့ဆုံခြင်း

1 2 3

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒေါက်တာ၀င်းမြတ်အေးသည် နေပြည်တော်၊ အမရဟိုတယ်တွင် ၂၀၁၆ ခုနှစ်၊ မေလ (၂၄) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှာ ကျင်းပပြုလုပ်သည့် အမျိုးသားသဘာဝဘေးတုံ့ပြန်ရေးမူဘောင်ကို အပြည်ပြည်ဆိုင်ရာစံနှုန်းများနှင့်အညီ လေ့လာရေးစီမံချက်အား အကောင်အထည်ဖော်နိုင်ရေးနှင့်စပ်လျဉ်း၍ International Disaster Response Law (IDRL) in Myanmar: Strengthening the National Framework for International Disaster Response” အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ အကူအညီ ရယူဆောင်ရွက်ရန် လိုအပ်သည့် သဘာ၀ဘေးအန္တရာယ်ကျရောက်ချိန်များတွင် ဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာကူညီမှုလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာအမျိုးသားအဆင့်မူဘောင်များကို ပိုမိုတိုးတက်အောင်ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။

အဆိုပါအခမ်းအနားသို့ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ပြည်ထောင်စုလွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ၊ အပြည်ပြည်ဆိုင်ရာ ကြက်‌ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်‌ခြေနီနှင့် လခြမ်းနီအသင်းဖက်ဒရေးရှင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအပါအ၀င် ကိုယ်စားလှယ်စုစုပေါင်း (၆၅) ဦးခန့် တက်ရောက်ခဲ့ပါသည်။

ထို့နောက် နံနက် (၀၉:၃၀) အချိန်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဒေါက်တာစည်သူအောင်နှင့် တပည့်များ (စွမ်းအားရာထူးဝင်ခွင့်သင်တန်းနှင့် အင်္ဂလိပ်စာသင်တန်း၊ ပျဉ်းမနားမြို့) က ရေဘေးသင့်ဒေသများရှိ ကျောင်းသား/ကျောင်းသူများအတွက် ငွေကျပ် (၁၀) သိန်းတန်ဖိုးရှိ ကျောင်းသုံးစာရေးကိရိယာများကို လာရောက်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ဆက်လက်၍ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ ပြည်ထောင်စုဝန်ကြီးအား ကုလသမဂ္ဂကမ္ဘာစားနပ်ရိက္ခာအစီအစဉ် World Food Programme (WFP) မှ ဌာနေကိုယ်စားလှယ် Mr. Dom Scalpelli ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စရပ်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများ အစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်တုံ့ပြန်မှုလုပ်ငန်းများနှင့် အရေးပေါ်အ‌ခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC) နှင့် ဟင်္သာတမြို့ရှိ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုသင်တန်းကျောင်းသို့ ပံ့ပိုးကူညီပေးသည့်ကိစ္စရပ်နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းရပ်များ၊ ရေဘေးသင့်ဒေသရှိပြည်သူများအတွက် အရေးပေါ်အစားအစာတိုက်ရိုက် အကူအညီဖြန့်ဝေပေးမှုကိစ္စရပ်များ၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအတွက် ပံ့ပိုးကူညီမှုလုပ်ငန်းစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events