ဒီဇင်ဘာ ၁၁၊ နယူးဇီလန်
နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ယနေ့တွင် နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနဝန်ကြီးThe Right Honorable Winston Peters နှင့်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် လူနည်းစုတိုင်းရင်းသားများအပါ အဝင် နိုင်ငံသားများ၏ လူ့အခွင့်အရေးတို့ကိုဖြည့်ဆည်းပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှုများ၊ အထူးသဖြင့် မသန်စွမ်းသူများအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများ၊ မသန်စွမ်းသူများ၏ အခွင့်အရေးတို့ကို ပိုမို အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ရေးအတွက် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်မည့်အခြေအနေများ၊ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် ပြန်လည်နေရာချထားရေး၊ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေမည့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာ စိုက်ပျိုးရေးနှင့် Renewable Energy ဆိုင်ရာလေ့ကျင့်သင်ကြားပေးနိုင်ရေး၊ မိုင်းအန္တရာယ် ကာကွယ်ဖြေရှင်းရေး၊ လူမှုသဟဇာတဖြစ်ရေးနှင့် ငြိမ်းချမ်းရေးတို့တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Health and Disability Commission အဖွဲ့နှင့် တွေ့ဆုံ၍ မသန်စွမ်းသူများ၏ အခွင့်အရေးများအတွက် အသိပညာပေးခြင်း၊ ဖြေရှင်းဆောင်ရွက်ပေးခြင်း၊ မသန်စွမ်းမှုနှင့် ကျန်းမာရေးဆိုင်ရာထောက်ပံ့ဆောင်ရွက်ခြင်းတို့ကိုဆွေးနွေးခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံရှိ moveahead အဖွဲ့နှင့်တွေ့ဆုံပြီး ဒေါင်းဆင် ဒရုမ်း၊ အော်တစ်ဇင်အပါအဝင် ဉာဏ်ရည်မသန်စွမ်းကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာသင်ကြား ရေးတို့ကို အထောက်အကူပြုစေမည့် Moveahead software ကို မြန်မာနိုင်ငံတွင် ကျယ်ကျယ် ပြန့်ပြန့်သိရှိ အသုံးပြုနိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။
#hl1
#new zealand_dec2019
Source: MOSWRR