လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA) မှ ညွှန်ကြားရေးမှူးဖြစ်သူ Mr. John Ging ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး အမျိုးသားသဘာဝဘေးကာကွယ်စောင့်ရှောက်ရေးကော်မတီနှင့် စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီတို့၏ အခန်းကဏ္ဍများ၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ UNOCHA အဖွဲ့နှင့် ဝန်ကြီးဌာနတို့အကြား သဘောတူညီမှုစာလွှာလက်မှတ်ရေးထိုး၍လူသားချင်းစာနာမှုအကူအညီများ ထိရောက်လျင်မြန်စွာဆောင်ရွက်ပေးနေမှုအခြေအနေများ၊ သဘာဝဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများအတွက် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ ရခိုင်ပြည်နယ်နှင့်ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအတွက် ဝန်ကြီးဌာန၏ ထောက်ပံ့ပေးမှုအခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေထုတ်ပြန်ထားရှိမှုနှင့် နည်းဥပဒေရေးဆွဲနေမှုအခြေအနေများ၊ ကချင်ပြည်နယ်ရှိ သွားရောက်ရန်ခက်ခဲသော ကယ်ဆယ်ရေးစခန်းများသို့ ကုလသမဂ္ဂဦးဆောင်သည့် လူသားချင်းစာနာမှုအဖွဲ့များ ယခင်ကထက်ပိုမိုသွားရောက်ကူညီနိုင်ရန် ဝန်ကြီးဌာန၏ညှိနှိုင်းဆောင်ရွက်ပေးမှုများနှင့် စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။