ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နယူးဇီလန်နိုင်ငံ လူမှုဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဝန်ကြီးနှင့်တွေ့ဆုံဆွေးနွေး

ဒီဇင်ဘာ၁၀၊နယူးဇီလန်
နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန် နိုင်ငံ၊ဝယ်လင်တန်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဦးဆောင်သောမြန်မာကိုယ်စားလှယ် အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနဝန်ကြီး Hon Carmel Sepuloni နှင့် ယနေ့တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝန်ကြီး Hon Carmel Sepuloni က နယူးဇီလန်နိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုအတွင်း မသန်စွမ်းသူများ၏ အခွင့်အရေးများကို အကောင်အထည်ဖော် ဆောင်ရွက် ပေးရာ တွင်ကြုံတွေ့ရသည့် အခက်အခဲများနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုများကို အပြန်အလှန် အမြင်ခြင်း ဖလှယ်ဆွေးနွေးပြောကြားခဲ့ကြပြီး မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ ဘဝ သာယာကောင်းမွန်ရေး၊ သတင်းအချက်အလက်များ အလွယ်တကူရရှိနိုင်ရေး၊ လက်သင်္ကေတပြ ဘာသာစကားတို့အတွက် နည်းပညာပိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တို့ကို ဆွေးနွေးကြပါ သည်။
ဆက်လက်၍ နယူးဇီလန်နိုင်ငံ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တွေ့ဆုံရာတွင် မသန်စွမ်းသူများ အတွက် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ၊ မသန်စွမ်းသူများအတွက် ရေရှည်ပြန်လည် ထူထောင်ရေးဆိုင်ရာ ထောက်ပံ့မှုအခြေအနေများ၊ မသန်စွမ်းသူများအား ပိုမိုကောင်းမွန်သော ဘဝ ရှင်သန် နေထိုင်မှုအတွက် စီမံဆောင်ရွက်ပေးမှုများ၊ ရှေးဦးအရွယ်ကလေးသူငယ်များ ပြုစုပျိုးထောင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ မသန်စွမ်းမှုအားစောစီးစွာရှာဖွေဖော်ထုတ်ရေးနှင့် ပြန်လည်ထူထောင်ရေး၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြပါ သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Office of the Ombudsman အဖွဲ့နှင့်တွေ့ဆုံ၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးမည့် လွတ်လပ်သော စောင့်ကြည့်လေ့လာရေးအဖွဲ့ကို မြန်မာ နိုင်ငံရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ပါဝင်ဖွဲ့စည်းနိုင်ရေး၊ မသန်စွမ်းသူများအတွက် စစ်မှန်သောအခွင့်အရေးများ ဖန်တီးပေးနိုင်ရေး၊ မသန်စွမ်းသူများအတွက် သင့်တင့်သော နေရာထိုင်ခင်းစီစဉ်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

Source: MOSWRR

#hl1
#new zealand_dec2019

Sign Up

Upcoming Events