ဒီဇင်ဘာ၉၊ နယူးဇီလန်
နယူးဇီလန်နိုင်ငံ၊ နိုင်ငံခြားရေးနှင့်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နယူးဇီလန်နိုင်ငံ၊ ဝယ်လင်တန်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် နယူးဇီလန်နိုင်ငံ၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွင် ယနေ့နံ့နက်ပိုင်း၌ နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်နိုင်မည့်ကိစ္စရပ်တို့နှင့်ပတ်သက်၍လေ့လာဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ မသန်စွမ်းမှုဆိုင်ရာ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ဒီမိုကရေစီအကူးအပြောင်း အတွက်ကြိုးပမ်းဆောင်ရွက်မှုများ၊ နိုင်ငံသူ၊နိုင်ငံသားတိုင်း၏ လူ့အခွင့်အရေးကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးများနှင့်စပ်လျဉ်း၍ တိုးတက် ပြောင်းလဲမှုများ၊ မသန်စွမ်းသူများ၏အခွင့်အရေးဥပဒေ၊ နည်းဉပဒေပြဌာန်းဆောင်ရွက်ခြင်း၊ အမျိုးသားကော်မတီနှင့်လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီးနေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မတီအဆင့်ဆင့်အပြင်ဆပ်ကော်မတီ(၉)ခုဖွဲ့စည်းဆောင်ရွက် နေမှုများ၊ အထူးသဖြင့်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကော်မတီမှ သုံးသပ်ပေးပို့လာသည့်Concluding Observation တို့ကိုနယူးဇီလန်နိုင်ငံအပါအဝင် မိတ်ဖက်နိုင်ငံများနှင့်နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များဖြစ်သည့် မသန်စွမ်းသူများ၏အခွင့်အရေးများကို အပြည့်အဝရရှိစေရေးဆောင်ရွက်နိုင်ရေးအတွက် အထောက်အထားအခြေပြုသောမသန်စွမ်းသူများ၏ပါဝင်ဆောင်ရွက်မှုတို့ကို အလေးထားသည့် နိုင်ငံတော်အဆင့်မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းအစီအစဉ်တို့ကို နိုင်ငံတော်အစိုးရက ဦးဆောင် ရေးဆွဲ ဆောင်ရွက်ရေး၊ မသန်စွမ်းသူများ၏အခွင့်အရေးများ ဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRPD) အား ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ဝန်ကြီးဌာနများက ကဏ္ဍအလိုက်လုပ်ငန်းအစီအစဉ်တို့ကို ချမှတ်ဆောင်ရွက်ရေးနှင့်အတူတကွပူးပေါင်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများ၏ အလုပ်အကိုင်စွမ်းဆောင်ရည်မြင့်မားစေရေး၊ UNCRPD ကို အကောင်အထည် ဖော်မှုအတွက် လွတ်လပ်သောစောင့်ကြည့်အကဲဖြတ်သည့်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ရေး၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရန်အခြေခံကျသည့် လက်လှမ်းမီဝန်ဆောင်မှုများ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး၊ မသန်စွမ်းသူတစ်ဦးချင်းစီ၏ ကိုယ်ပိုင်ယုံကြည်ချက် မြင့်မား လာစေရန် ပံပိုးကူညီမှုပေးနိုင်ရေးတို့ကိုဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် Sport New Zealand မှတာဝန်ရှိသူများနှင့်တွေ့ဆုံရာတွင် မသန်စွမ်းမှုအလိုက် ကျန်းမာပျော်ရွှင်စေရန် လေ့ကျင့်ဆောင်ရွက်ပေးရေးနှင့်မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင် နိုင်ရေးအတွက် ပံ့ပိုးကူညီပေးမှုအပါအဝင်မသန်စွမ်းသူများ၏ အားကစားနှင့် အပန်းဖြေအနားယူခွင့်ရရှိရေးတို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR