နေပြည်တော်၊ ဒီဇင်ဘာ ၆
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး သူငယ်များအတွက် ငွေကြေးအထောက်အပံ့ပေးသည့်(MCCT) အစီအစဉ်တွင် အသုံးပြုမည့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာဝန်ဆောင်မှုပေးသူများ၏တာဝန်နှင့် ဝတ္တရားများအား ရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက် အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိမိတို့ဝန်ကြီးဌာနအနေနှင့် အမျိုးသားအဆင့်လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာစီမံချက်ကို အခြေခံ၍ အဓိက အစီအစဉ် (၈)ခုကို အဆင့်လိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၇ခုနှစ် တွင် အာဟာရနှင့်ကျန်းမာရေးဆိုင်ရာနှင့် ဆင်းရဲမှုအခြေအနေအညွှန်းကိန်းများမြင့်မားနေသော ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့ပေးသည့်(MCCT) အစီအစဉ် စတင်အကောင် အထည်ဖော်ခဲ့ပြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင်တိုးချဲ့ ဆောင်ရွက် ခဲ့ပါကြောင်း၊ ကရင်ပြည်နယ်နှင့် ကယားပြည်နယ်သို့ တိုးချဲ့ဆောင်ရွက်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးသို့ တိုးချဲ့ဆောင်ရွက်မှာဖြစ်ပါကြောင်း၊ ထို့အပြင် သက်ကြီးရွယ်အို ဘိုးဘွားများအားထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ခြင်းကို လည်းမြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ငွေကြေးထောက်ပံ့ခြင်းလုပ်ငန်းနှင့် အသိပညာပေးသည့်လုပ်ငန်းများကို ပူးတွဲ၍ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ငွေကြေး ထောက်ပံ့သည့်လုပ်ငန်းတွင် လူမှလူသို့ထောက်ပံ့သည့် စနစ်ကိုကျင့်သုံးခဲ့ပြီး ယခုအခါ အကျိုးခံစားသူအရေအတွက် များပြားလာပြီဖြစ်သောကြောင့် Electronic စနစ်ဖြင့် ငွေကြေးထောက်ပံ့သည့်စနစ်ကို ပြောင်းလဲအသုံးပြုရန် လိုအပ်လာပြီး ဖြစ်ကြောင်း၊ ထိုသို့ Electronic စနစ်ဖြင့် ငွေကြေးထောက်ပံ့ရာတွင် ဝန်ဆောင်မှုပေးမည့်သူများ အနေဖြင့် စီးပွားရေးလုပ်ငန်းသပ်သပ်အနေဖြင့်မရှုမြင်ပဲ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီဆောင်ရွက်ခွင့် ရသည်ဟုယူဆပြီး Corporate Social Responsibility ၏ အစိတ်အပိုင်းတစ်ခုအဖြစ်လည်းကောင်း သို့မဟုတ် အနည်းဆုံးသော ဝန်ဆောင်ခဖြင့်လည်းကောင်း စဉ်းစားဆောင်ရွက်ပေးစေလိုပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် လည်း ယခုလုပ်ငန်းအပ်နှံရေးဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုရှိရှိဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး လူမှုဝန်ထမ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန်းစန်းအေး က ဆောင်ရွက်မည်လုပ်ငန်းစဉ်နှင့်ပတ်သက်၍ မိတ်ဆက်ဆွေးနွေးခဲ့ပါသည်။
ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကျော်လင်းထင်က ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှု ပေးသူများ၏ တာဝန်နှင့်ဝတ္တရားများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြ သူများက ပြန်လည်ဆွေးနွေးခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။
Source: MOSWRR