ပြည်တွင်းနေရပ်စွန့်ခွါသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့်ပတ်သက်၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တွေ့ဆုံမှုသတင်း

2_Pic_01 2_Pic_02

ရန်ကုန်၊ ဒီဇင်ဘာလ()ရက်

           လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံ ဆိုင် ရာ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးဦးဆောင်သော ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပနိုင်ငံတကာအဖွဲ့အစည်းများက ပြည်တွင်း နေရပ်စွန့်ခွါသူများပြန်လည်နေရာချထားရေးနှင့် IDPစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနှင့်ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်မည့် အခြေအနေများကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၌ လာရောက်ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေး မှူးနှင့်အတူ UNDP, UN Habitat, UNICEF Myanmar, IOM, FAO, UNHCR, WFP, WHO, UN Women, UNOCHA, UNFPA, ICRC, MRCS, IFRC နှင့်  INGO Forum တို့မှ ဌာနေကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားရာတွင် အစိုးရသစ်လက်ထက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းကော်မတီ(၄)ခုအနက် ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက် ရေးလုပ်ငန်းကော်မတီက ၂၀၁၆ ခုနှစ်မှစ၍ ပြည်တွင်းနေရပ်စွန့်ခွါသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အမျိုးသားအဆင့်မဟာဗျူဟာကိုရေးဆွဲရန် ကြိုးပမ်းခဲ့ကြောင်း၊  ၂၀၁၈ခုနှစ်တွင် စတင်ရေးဆွဲခဲ့ပြီး ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့က တရားဝင်မိတ်ဆက်ခဲ့ပြီဖြစ်ကြောင်း၊ ထိုမဟာဗျူဟာကို  လုပ်ငန်းစဉ်များချမှတ်၍  IDP စခန်းများ စနစ်တကျပိတ်သိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဤမဟာဗျူဟာသည် နိုင်ငံတကာစံနှုန်းများနှင့်အညီ ရေးဆွဲ ထားသည့်အတွက် မိမိတို့နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ငန်းစဉ်များရေးဆွဲပြီး IDP စခန်းများပိတ်သိမ်းနိုင်ရန် အရေးကြီးသည့်မူဘောင်တစ်ခုဖြစ်ပါကြောင်း၊ မဟာဗျူဟာတွင် ပါရှိသည့်အတိုင်း ပြည်ထောင်စုအဆင့်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ကော်မတီများ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်း၍ လုပ်ငန်းစီမံချက်များကို ဒေသအလိုက်ရေးဆွဲအကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ အဆိုပါမဟာဗျူဟာကို မရေးဆွဲမီနှင့်ရေးဆွဲနေစဉ်ကာလအတွင်း ပြည်တွင်းနေရပ်စွန့်ခွါသူများ ပြန်လည်နေရာချထားရေးနှင့် IDPစခန်းများ ပိတ်သိမ်းရေးနှင့် ပတ်သက်၍ မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ဤမဟာဗျူဟာနှင့် ပေါင်းစပ်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း၊ ကချင်ပြည်နယ်ရှိ IDP စခန်းများ စနစ်တကျပိတ်သိမ်းနိုင်ရေးနှင့်ပတ်သက်၍ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ကချင်လူမှု အဖွဲ့အစည်း တစ်ခုဖြစ်သည့်  KHCC တို့နှင့် ညှိနှိုင်းဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကြက်ခြေနီ လှုပ်ရှားမှု များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း၊ ပိတ်သိမ်းရမည့်စခန်းများမှ ပြန်လည်နေရာချထားရမည့် ကျေးရွာများစာရင်းကို ပြုစုသကဲ့သို့ ပြန်လည်နေရာချထားရေးလုပ်ငန်းတွင် အရေးပါသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းနှင့် မိုင်းအသိပညာ ပေးလုပ်ငန်းများကို တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း၊ မိုင်းအန္တရာယ်နှင့်ပတ်သက်၍  နိုဝင်ဘာလ ၂၅ ၊ ၂၆ ရက်နေ့များက နော်ဝေနိုင်ငံ၊အော်စလိုမြို့တွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မိုင်းကင်းစင်ရေး ပြန်လည်သုံးသပ်မှုဆိုင်ရာ ဝန်ကြီးအဆင့် ညီလာခံကို မြန်မာနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး  ရေရှည်တည်တံ့မည့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များ၊ လူသားချင်း စာနာထောက်ထားမှုကိုအခြေခံသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်၏ အရေးပါမှုများ၊ မိုင်းရှင်းလင်းရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင် ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆွေးနွေးခဲ့ရာ ယခုမဟာဗျူဟာအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကချင် ဒေသအတွင်းရှိ နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏လုပ်ငန်းများသည် ပြည်တွင်း နေရပ်စွန့်ခွါသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာနှင့် ကိုက်ညီသည့်အတွက် ဆက်လက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းကြမည်ဖြစ်ကြောင်း၊ လက်တွေ့အကောင်အထည်ဖော်ရာတွင် ကချင်ပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် ရှေ့ပြေးစီမံချက်များ ဆက်လက်ရေးဆွဲ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ကဦးဆောင်၍ သက်ဆိုင်ရာ ပြည်နယ်အလိုက် လုပ်ငန်းစဉ်များရေးဆွဲ အကောင်အထည်ဖော်ရာတွင် ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်ကြ ပါရန် တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးနှင့် ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ဌာနေကိုယ်စားလှယ်များက ဆွေးနွေး ရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးမဟာဗျူဟာကို အစိုးရက ဦးဆောင်ပြီး  ပညာရှင် Prof. Walter Kaelin ရဲ့ ကူညီပံပိုးမှုနဲ့ ရေးဆွဲဆောင်ရွက်ရာမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများကလည်း ဝိုင်းဝန်း အကြံပြုခွင့်ရခဲ့ပြီး မဟာဗျူဟာကို ဖြန့်ဝေနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ဂုဏ်ပြုပါကြောင်း၊ ရှေ့ဆက်၍ မဟာဗျူဟာနှင့်အညီ ဒေသနဲ့ ကိုက်ညီတဲ့ လုပ်ငန်း စီမံချက်တွေရေးဆွဲအကောင်အထည်ဖော်ရာတွင်လည်း ပါဝင်ပူးပေါင်း ရန်အသင့်ရှိပါကြောင်း၊ လုပ်ငန်းစီမံချက်များရေးဆွဲ အကောင် အထည်ဖော်ရာတွင် ကနဦး ရှေ့ပြေးအကောင်အထည်ဖော်ဆောင်မည့်နေရာများ သတ်မှတ်ဆောင်ရွက်သွားမည်ကိုလည်း ကြိုဆိုပါကြောင်း၊ ကနဦး ဆောင်ရွက်မှုများမှတဆင့် ကြုံတွေ့ရသည့်အခက်အခဲများကို နောင်တွင် အခွင့်အလမ်းအဖြစ် ဖန်တီးနိုင်မည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစီမံချက်များ ရေးဆွဲရာတွင် စခန်းများရှိ နေရပ်စွန့်ခွာသူများ၏ပါဝင်မှုနှင့်ပတ်သက်၍ အမျိုးသမီးများနှင့် လူငယ်များ၏အသံကိုလည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊   ကြက်ခြေနီလှုပ်ရှားမှုအဖွဲ့များဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr

#ygn_dec2019

 Source:  MSWRR

Sign Up

Upcoming Events