နိုဝင်ဘာ ၂၇၊ နော်ဝေ
နော်ဝေနိုင်ငံ၊ အော်စလိုမြို့တွင် ကျင်းပပြုလုပ်လျက်ရှိသော စတုတ္ထအကြိမ်မြောက် ကမ္ဘာ့မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည်သုံးသပ်မှုညီလာခံသို့ တက်ရောက်လျက်ရှိသော ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူ စာချုပ်ကို စောင့်ကြည့်လေ့လာဆဲနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ မိုင်းအန္တရာယ်နှင့် ပတ်သက် သည့် ဆောင်ရွက်နေမှုများကို ယမန်နေ့ နိုဝင်ဘာ (၂၆) ရက်နေ့က ရှင်းလင်းပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် ယခုကဲ့သို့ မိုင်းရှင်းလင်းရေးဆိုင်ရာ ပြန်လည် သုံးသပ်သည့်ညီလာခံကို မြန်မာနိုင်ငံအနေဖြင့် ဝန်ကြီးအဆင့်ဦးဆောင်၍ ပထမဆုံးအကြိမ် တက်ရောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀)နီးပါးခန့် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနောက်ကျခဲ့ပါကြောင်း၊ အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား ဦးစားပေးဆောင်ရွက်လျက်ရှိရာ မိုင်းအန္တရာယ်ကင်းရှင်းရေး၊ မိုင်းဒဏ်သင့်ပြည်သူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများမှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး အတွက် လွန်စွာအရေးကြီးပါကြောင်း၊ ၂၀၁၉ ခုနှစ်အတွင်း ပြည်သူ (၂၈၀,၀၀၀) ကျော်ကို မိုင်းအန္တရာယ် အသိပညာပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်မှစ၍ အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ပြည်သူတစ်သန်းခန့်ကို အသိပညာပေးနိုင်ခဲ့ပါကြောင်း၊ မိုင်းဒဏ်သင့် ပြည်သူများအား ပိုမိုထောက်ပံ့နိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မိုင်းအန္တရာယ်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း (Mine Action Authority) ဖွဲ့စည်းနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်း များနှင့်လည်း ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အထူးသဖြင့် အာဆီယံ မိုင်းစင်တာနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိကြောင်း၊ မိုင်းအန္တရာယ်အသိပညာပေး လုပ်ငန်းများကို တိုင်းရင်း သားဘာသာစကားများဖြင့်လည်း ဖြန့်ဝေလျက်ရှိကြောင်း၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများပိတ်သိမ်းရေး မဟာဗျူဟာကို မကြာသေးမီက မိတ်ဆက်ခဲ့ပြီးနောက် IDP စခန်းများ ပိတ်သိမ်းရေးကြိုးပမ်းရာတွင် မိုင်းအန္တရာယ်ကင်းရှင်း ရေးမှာ အရေးကြီးပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မြန်မာနိုင်ငံကဲ့သို့ အခြားစောင့်ကြည့် လေ့လာဆဲနိုင်ငံဖြစ်သော လက်ဘနွန်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားတွေ့ဆုံခဲ့ကြပါသည်။
ထိုသို့တွေ့ဆုံရာတွင် လက်ဘနွန်နိုင်ငံအနေဖြင့် ၁၉၉၈ ခုနှစ်မှစတင်၍ မိုင်းရှင်းလင်းရေး လုပ်ငန်းကို တပ်မတော်က တာဝန်ယူဆောင်ရွက်ခဲ့ပြီး မိုင်းရှင်းလင်းရေးရုံးကို စတင်ဖွဲ့စည်း တည်ထောင်ပြီး မိုင်းရှင်းလင်းရေး စတင်ကြိုးပမ်းခဲ့မှုများ၊ လုပ်ရိုးလုပ်စဉ် မိုင်းရှင်းလင်းရေးမှ လူသားချင်း စာနာထောက်ထားမှုကိုရှေးရှုသည့် မိုင်းရှင်းလင်းရေးဆောင်ရွက်နိုင်ရန် လုပ်ထုံး လုပ်နည်း၊ နည်းပညာနှင့် လူသားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ခဲ့မှုများ၊ မိုင်းရှင်း လင်းရေးရုံးအဖွဲ့မှ မိုင်းအာဏာပိုင်အဖွဲ့အစည်းသို့ ပြောင်းလဲဖွဲ့စည်း၍ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူလူထုနှင့်ပူးပေါင်း၍ မိုင်းရှင်းလင်းရေးဆောင်ရွက်နေမှုများ၊ လက်ဘနွန်နိုင်ငံအနေဖြင့် နည်းပညာအကူအညီ၊ ငွေကြေးအကူအညီ ရရှိနိုင်ရန်ရည်ရွယ်၍ မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးရန် စီစဉ်ဆောင်ရွက်နေမှုများ၊ မိုင်းအသုံးပြုမှုသည် လူမှုစီးပွားဘဝကို ဆိုးရွားစွာထိခိုက်စေသည့်အတွက် လက်ဘနွန် တပ်မတော်အနေဖြင့် မြေမြှုပ်မိုင်းများကို အသုံးမပြုတော့ရန် စီစဉ်ဆောင်ရွက်နေမှုများနှင့် ပက်သက်၍ လေ့လာဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#Norway_nov2019
Source: MSWRR