နိုဝင်ဘာ ၂၆ ၊ နော်ဝေ
နော်ဝေနိုင်ငံ၊ အော်စလိုမြို့သို့ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ယမန်နေ့ နိုဝင်ဘာလ (၂၅)ရက်နေ့ မွန်းလွဲပိုင်းတွင် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီး Ms. Ine Eriksen Soreide နှင့် တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ကူးပြောင်းရေးတွင် နှစ်ပေါင်းများစွာ ကူညီအားပေးခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ မိုင်းရှင်းလင်း ရေးဆိုင်ရာ သဘောတူစာချုပ်၏ လက်ရှိဥက္ကဌ နော်ဝေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ (IDPs) ပြန်လည်နေရာချထားရေးနှင့် IDP စခန်းများ ပိတ်သိမ်းရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာကို မကြာသေးမီက မိတ်ဆက်ခဲ့ပြီးနောက် အချို့သောနေရာများတွင် ပြန်လည်နေရာချထားရေးလုပ်ငန်းများ စတင်ရန်ကြိုးပမ်းနေကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် မိုင်းအန္တရာယ် အသိပညာပေးခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အခြေခံသည့် မိုင်းရှင်းလင်းရေး ဆောင်ရွက်ခြင်းတို့မှာ အရေးပါကြောင်းနှင့် မိုင်းအန္တရာယ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံက ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်နှင့်ပတ်သက်၍ နောက်ဆုံးအခြေ အနေများ၊ အာဆီယံနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများ၊ UEHRD ၏ ဆောင်ရွက်ချက်များနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြုံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်နေမှုများနှင့် International Court of Justice (ICJ)နှင့် ပတ်သက်၍ တုံ့ပြန်ဆောင်ရွက်ရန် မြန်မာနိုင်ငံက စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့ရာ နော်ဝေနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များနှင့် မိုင်းအန္တရယ်ဆိုင်ရာ ကြိုပမ်းမှုများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ နော်ဝေနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဒေါ်မော်မော်နှင့် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး Ms. Tone Tinnes တို့လည်း ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#Norway_nov2019
Source: MOSWRR