ရခိုင်ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်တိုက်ပွဲရှောင်ပြည်သူများ အတွက်ထောက်ပံ့ရေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် (၁၉-၅-၂၀၁၆) ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိပြီး ရခိုင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအ‌ဝေးခန်းမတွင် ပြည်နယ်၀န်ကြီးချုပ်ဦးညီပု၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီး များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့်တွေ့ဆုံပြီး သဘာ၀ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင် ကာကွယ် ရေး၊ တုံ့ပြန်ရေးလုပ်ငန်းများ၊ တိုက်ပွဲရှောင်ပြည်သူများအားထောက်ပံ့ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့် ရှောက်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ ရခိုင်ပြည်နယ်၀န်ကြီးချုပ်ဦးညီပုမှ ရခိုင် ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ရေးလုပ်ငန်းများ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။                                                                      ပြည်ထောင်စု၀န်ကြီးမှ မိမိတို့နိုင်ငံသည် ပထဝီ၀င်တည်ရှိပုံအနေအထား၊ ရာသီဥတုအခြေအနေတို့အရ သဘာ၀ဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ယခုကဲ့သို့မိုးကြိုကာလသည် မုန်တိုင်းဘေးအန္တရာယ် ဖြစ်ပွားနိုင်သည့်အချိန်ကာလဖြစ်ပါကြောင်း၊ မုန်တိုင်းဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်းနိုင်သည့် ဘေး အန္တရာယ်တစ်ခုဖြစ်ပြီး ကြိုတင်ပြင်ဆင်မှုသည် အရေးကြီးသောကဏ္ဍဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်စီမံ ဆောင်ရွက်မှုဖြင့် ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်ဥစ္စာ များထိခိုက်မှုလျော့နည်းသက်သာစေမည်ဖြစ်ပါ ကြောင်း၊ မုန်တိုင်းဒဏ်ကိုတိုက်ရိုက်မခံစားရသော်လည်း မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းရာမှ ဖြစ်‌ပေါ်လာနိုင်သည့်ရုတ်တရက် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများကိုလည်းဖြစ်ပွားနိုင်သည့် ဒေသအလိုက် အရေးပေါ်တုံ့ပြန်ရေးစီမံချက်များရေးဆွဲဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သဘာ၀ဘေးတုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်၏ပြင်းထန်မှုအတိုင်းအဆ၊ ပျက်စီးဆုံးရှုံးမှုအခြေအနေများအပေါ်မူတည်၍ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက အဓိကတာ၀န်ယူဖြေရှင်းဆောင်ရွက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့မှ ပံ့ပိုးကူညီသည့်အခြေအနေနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ အဓိကတာ၀န်ယူဖြေရှင်းဆောင်ရွက်ပြီးတိုင်း ဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များမှ ပံ့ပိုးဆောင်ရွက်ရသည့်အခြေအနေနှစ်မျိုးဖြင့် ဖြေရှင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ သဘာ၀ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ဆက်သွယ်ရေးစနစ်သည် အရေးကြီးသဖြင့် နေပြည်တော်၌ Help Line တယ်လီဖုန်းအမှတ်၊ ၀၆၇-၄၀၄၆၆၆၊ ၀၆၇-၄၀၄၇၇၇ တို့အား ဖွင့်လှစ်၍ (၂၄) နာရီသတင်းများ ရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ Single Side Band (SSB) စနစ်အား နေပြည်တော် (ရုံးချုပ်)၊ ဧရာ၀တီ တိုင်းဒေသကြီး(လပွတ္တာ၊ပုသိမ်၊လွှစာ)တွင်လည်းကောင်း၊ရခိုင်ပြည်နယ် (စစ်တွေ၊ ကျောက်ဖြူ၊ သဲတန်း) တွင် လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး (ကလေး) နှင့် ချင်းပြည်နယ် (ဟန်ကင်) တွင်လည်းကောင်း တပ်ဆင် ထားရှိပြီး အမြဲမပြတ်သတင်းများရယူဆောင်ရွက်လျက်ရှိပါကြောင်း၊ Kobo Collect MobileApplication အသုံးပြု၍ဘေးသင့်ဒေသများတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးစာရင်းကောက်ယူနိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း ဆွေးနွေးပြောကြားပါသည်။                                                                                               ဆက်လက်၍ ရခိုင်ပြည်နယ်အတွင်း သဘာ၀ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်၊ ဘူးသီးတောင်မြို့နယ်များအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့ငွေ ကျပ်သိန်း (၅၀၀) အား ပြည်ထောင်စု၀န်ကြီးမှ ပြည်နယ်၀န်ကြီးချုပ်ထံသို့ ပေးအပ်ခဲ့ပါသည်။      မွန်းလွဲပိုင်းတွင် ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံကွက်သစ်သို့သွားရောက်၍ ပြန်လည်နေရာချထားပေးသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားပြီး ယင်လုံအိမ်သာ (၁၅၁) လုံးဆောက်လုပ်နိုင်ရေး ထောက်ပံ့ငွေ ကျပ်သိန်း (၁၅၁) အားလည်းကောင်း ကလေးငယ် များအတွက် ကစားစရာနှင့်မုန့်များအားလည်းကောင်း ပေးအပ်ခဲ့ပါသည်။ ယင်းနောက် ဘောဒူဖရှိ မီးလောင် ပျက်စီးသွား၍ပြန်လည်ပြုပြင်တည်ဆောက်လျက်ရှိသော တဲတန်းလျားများဆောက်လုပ်ပြီးစီးမှု အခြေအနေအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။                                                                     ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးနှင့်ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုပြီး သဘာ၀ဘေးအန္တရာယ်ကျရောက် ပါက အရေးပေါ်ဆက်သွယ်နိုင်ရန်တပ်ဆင်ထားရှိသော (SSB) ဆက်သွယ်ရေးစနစ်အား နေပြည်တော်၊ လပွတ္တာ၊ ကျောက်ဖြူတို့နှင့် လက်တွေ့ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။                                            ယင်းနောက် ရခိုင်ပြည်နယ် လူမှု၀န်ထမ်းဦးစီးဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းသို့ ရောက်ရှိပြီး အခြေခံနှင့်အဆင့်မြင့်စက်ချုပ်သင်တန်းတက်‌ရောက်လျက်ရှိသော သင်တန်းသူများအား ရင်းရင်း နှီးနှီးတွေ့ဆုံအားပေးစကားပြောကြားကာ သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် ၀န်ကြီးဌာနလက်အောက် ရှိဦးစီးဌာန (၂) ခုမှ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။                    ယင်းနောက်ပြည်ထောင်စု၀န်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့ ကလေးပြုစုရေးဌာနသို့ရောက်ရှိပြီး ကလေး ငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကစားစရာနှင့်မုန့်များပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events