နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်း အခမ်းအနားကျင်းပ

21_Pic_03

နိုဝင်ဘာ ၁၉၊ နေပြည်တော်

နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး ဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာ မိတ်ဆက်ရှင်းလင်းခြင်းအခမ်းအနားကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းလုံးမှာရှိတဲ့ ပြည်သူများအားလုံးအတွက် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှအခွင့်အရေးရရှိခြင်း များကို ဦးတည်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊  တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးပေါ်ထွန်းရေးအတွက် လိုက်လျောညီထွေရှိသော ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်ပေါက်ရေး ဦးတည်ချက်(၃)ရပ်ချမှတ်ပြီး ပေါက်မြောက် အောင်မြင်အောင် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းအသီးသီးက ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပါကြောင်း၊ ထို့သို့ဆောင်ရွက် ရာတွင် ပြည်သူများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များအားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြ ရမှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအမျိုးသားအဆင့်မဟာဗျူဟာကို အားလုံးပူးပေါင်း ပါဝင်မှုများဖြင့် ဝန်ကြီးဌာနကဦးဆောင်ပြီး ရေးဆွဲနိုင်ခဲ့ပါကြောင်း၊ မဟာဗျူဟာသည် နိုင်ငံအတွက် အရေးပါသော မဟာဗျူဟာတစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခများ၊ လူမှုပဋိပက္ခများကြောင့် ကချင်၊ ကရင်၊ ရခိုင်နှင့် ရှမ်းပြည်နယ်များတွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ စာရင်းများအရ IDP စခန်းအရေအတွက် (၁၂၈) ခုရှိပြီး  ပြည်တွင်း နေရပ်စွန့်ခွာသူ (၁)သိန်း (၆)သောင်းကျော် ရှိပါကြောင်း၊ ကိန်းဂဏန်းများသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါကြောင်း၊ IDP စခန်းများတွင် စီမံခန့်ခွဲမှုများကို ပိုမိုစနစ်ကျကောင်းမွန်လာစေရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အစိုးရသစ်တာဝန်စတင်ယူစဉ်ကပင် ရခိုင်ပြည်နယ်အတွင်း IDP စခန်းများပိတ်သိမ်းရေးနှင့် စခန်းစီမံခန့်ခွဲမှုများပိုမိုကောင်းမွန်လာစေရေးအတွက် ဗဟိုကော်မတီ အောက်တွင်ဖွဲ့စည်းထားသော ဒေသတွင်းပြန်လည်နေရာချထားရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက် ရေး လုပ်ငန်းကော်မတီက တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် စခန်းအချို့ကို ပိတ်သိမ်းနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မစ္စတာကိုဖီအာနန်ဦးဆောင်သော အကြံပေးကော်မရှင်၏ အကြံပေးချက်များတွင် IDP စခန်းများ ပိတ်သိမ်းခြင်းနှင့် ပြန်လည်နေရာချထားခြင်းလုပ်ငန်းကို စနစ်တကျ ဆောင်ရွက် နိုင်ရန် အကြံပေးချက်ပါဝင် ပါကြောင်း၊ အစိုးရအနေဖြင့် IDP စခန်းများ စနစ်တကျ ပိတ်သိမ်း နိုင်ရေးအတွက် အမျိုးသားအဆင့်မဟာဗျူဟာကို ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ရေးဆွဲ ဆောင်ရွက်ခဲ့ရာတွင် အားလုံးနှင့်ပူးပေါင်းလျက် ဆွေးနွေးအကြံပြုချက်များ ရယူပါကြောင်း၊ ပညာရှင် Prof. Walter Kaelin ၏ ကျွမ်းကျင်မှုအကူအညီဖြင့် စခန်းများသို့ကွင်းဆင်းပြီး မြေပြင်အခြေအနေနှင့် ကိုက်ညီသော မဟာဗျူဟာဖြစ်စေရေးဆောင်ရွက်ခဲ့ပါကြောင်း၊ လုပ်ငန်း စီမံချက်များကို ဆက်လက်ရေးဆွဲကြရာတွင် သက်ဆိုင်ရာပြည်နယ်အလိုက် မတူညီကွဲပြားမှုများ ရှိမည်ဖြစ်ကြောင်း၊ မဟာဗျူဟာအပေါ်အခြေခံကာ ဒေသနှင့်ကိုက်ညီပြီး လက်တွေ့ကျသည့် လုပ်ငန်းစီမံချက်များ ရေးဆွဲကြရမှာဖြစ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက် ရာတွင် တရားဥပဒေကို လေးစားလိုက်နာကြရန်အရေးကြီးကြောင်းနှင့် လုပ်ငန်းစီမံချက်များရေးဆွဲ ကြရာတွင် ဆက်လက်ပူးပေါင်းပါဝင်ပေးကြရန်နှင့် မဟာဗျူဟာပေါ်ပေါက်ရေးအတွက် ပါဝင် ပေးခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က မဟာဗျူဟာရေးဆွဲဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် မဟာဗျူဟာကို အသေးစိတ် ရှင်းလင်း ဆွေးနွေးပြီး အခမ်းအနား တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူး ပါသည်။

အဆိုပါအခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေး ဝန်ကြီးနှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီးဗိုလ်မှူးကြီး၊ ကရင်ပြည်နယ်လူမှုရေးဝန်ကြီး၊ ရခိုင်ပြည်နယ် လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ အလှူရှင်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1

#npw_nov2019

 

Sign Up

Upcoming Events