နိုဝင်ဘာ ၁၉၊ နေပြည်တော်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး H.E. Mr. Scot Marciel အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။
တွေ့ဆုံရာတွင် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ “Strategy on Resettlement of IDPs and Closure of IDP Camps” အား ယနေ့ (၁၉-၁၁-၂၀၁၉) ရက်နေ့တွင် စတင်မိတ်ဆက် နိုင်ခဲ့သည့်ကိစ္စရပ်များနှင့် ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်ရှိ ပြည်တွင်း နေရပ်စွန့်ခွာသူများအား ရိက္ခာထောက်ပံ့ရေးကိစ္စရပ်များ၊ နေရပ်ပြန်လည်ပို့ဆောင်ပေးနိုင်ရေး ကိစ္စရပ်များ၊ အိမ်ရာများ ပြန်လည်တည်ဆောက်ရေးကိစ္စရပ်များ၊ ရခိုင်ပြည်နယ်တွင် အာဆီယံနှင့် ပူးပေါင်း၍ ဦးစားပေးစီမံကိန်း(၇)ခု ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ နိုင်ငံသားဖြစ်ခွင့်၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်တို့နှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများ၊ အာဟာရချို့တဲ့မှု များပြားသော ပြည်နယ်အချို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ငွေကြေးထောက်ပံ့ခြင်း (MCCT)၊ သက်ကြီးရွယ်အို ပင်စင်ကိစ္စရပ်များ၊ မသန်စွမ်းထောက်ပံ့မှုကိစ္စရပ်များတွင် လူမျိုး/ဘာသာ မရွေး ထောက်ပံ့ပေးနေမှု များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
ယမန်နေ့ နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် Professor Walter Kaelin ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံရာတွင် “ပြည်တွင်း နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ” အား နိုင်ငံတော်အဆင့်မှ အတည်ပြုခဲ့ပြီးနောက် နိုဝင်ဘာလ (၁၉)ရက်နေ့တွင် အဆိုပါမဟာဗျူဟာအား မိတ်ဆက်သည့် အခမ်းအနား ကျင်းပမည့် အခြေအနေများ၊ မဟာဗျူဟာအားအတည်ပြု ပြဌာန်းပြီးနောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လက်တွေ့ကျသည့် အကြုံပြုချက်များနှင့် လုပ်ငန်းများ စတင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် စပ်လျဉ်း၍ ပြည်တွင်းနေရပ်စွန့်ခွာသူများ အပါအဝင် သက်ဆိုင်သည့် ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အားလုံး သတင်းအချက်အလက်များ တိကျစွာရရှိနိုင်ရေး၊ ပူးပေါင်း ဆောင်ရွက်မှုကောင်းမွန်ရေးနှင့် ထိရောက်စွာဆောင်ရွက်နိုင်ရေး ကြိုးပမ်းသွားမည့် အခြေအနေများ၊ နိုင်ငံတော်မှ လက်ရှိဆောင်ရွက်နေသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များကို မဟာဗျူဟာနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် အခြေအနေများ နှင့် Professor Walter Kaelin အနေဖြင့် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2019