ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ယနေ့ ဖြစ်ပေါ်လျှက်ရှိနေသော မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်မည်ဟု မိုးဇလပညာရှင်များမှ ခန့်မှန်းထားပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် လက်ရှိအြေခအနေအရ အဝါရောင်အဆင့် သတ်မှတ်ထားပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသော်လည်း မုန်တိုင်းအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ခြင်းနှင့် နိုင်ငံတော်အဆင့်၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရုံး ဖွင့်လှစ်နိုင်ရေးအတွက် (၁၉-၅-၂၀၁၆)ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် နံနက်(၁၀:၀၀)နာရီမှစ၍ မုန်တိုင်းဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရုံး ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ရာ ဌာနမှ တာဝန်ရှိသူများ အပါအဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စက်မှုနည်းပညာနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ပါသည်။ အစည်းအဝေးတွင် သက်ဆိုင်ရာဌာနအသီးသီးမှ မိမိတို့ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြရာ (၁၃:၃၀)နာရီအချိန်တွင် အစည်းအဝေးပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။