မိုးခေါင်ရေရှားဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရေးနှင့် ဘေးဒဏ်ခံနိုင်ရည်ရှိစေရေးအတွက် မူဝါဒပိုင်း ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ ကျင်းပပြုလုပ်

19_Pic_02

နိုဝင်ဘာ ၁၈ ၊ နေပြည်တော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အာဆီယံအတွင်း ရေးမှူးချုပ်ရုံး၊ ကုလသမဂ္ဂအာရှပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင် (United Nations Economic and Social Commission for Asia and Pacific-UNESCAP) တို့ ပူးပေါင်းလေ့လာမှုဖြင့် Ready for the Dry Years: Building Resilience to Drought in South-East Asia အားအစီရင်ခံစာကို ပြုစုခဲ့ပြီး၊ အဆိုပါအစီရင်ခံစာအား ၂၀၁၉ခုနှစ်၊ ဧပြီလအတွင်း၊ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၃၄) ကြိမ်မြောက် အာဆီယံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများတွင် မိတ်ဆက်အတည်ပြုခဲ့ပါသည်။

အဆိုပါလေ့လာဆန်းစစ်မှုအရ မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားဘေးနှင့်ပတ်သက်သည့် အတွေ့အကြုံများအား ဖလှယ်မျှဝေရန်နှင့် အာဆီယံအဆင့် မိုးခေါင်ရေရှားဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု လျှော့ချနိုင်ရန်ရည်ရွယ်၍ မိုးခေါင်ရေရှားမှုဘေးဒဏ် ခံနိုင်ရည်ရှိစေရေးအတွက် မူဝါဒပိုင်း ဆိုင်ရာအဆင့်မြင့်ဆွေးနွေးပွဲကို ယနေ့နံနက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မိုးခေါင်ရေရှားမှုဆိုင်ရာ ဆန်းစစ် လေ့လာမှုများကို မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံအချို့တွင် ဆောင်ရွက်နိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်မိပါကြောင်း၊ ယနေ့အစည်းအဝေးသည် မိုးခေါင်ရေရှားဘေးအတွက် ကြိုတင်ပြင်ဆင်မှု များဆောင်ရွက်ရန် အရေးအကြီးဆုံးနှင့် ပထမဦးဆုံးခြေလှမ်းဖြစ်ပါကြောင်း၊  Ready for the Dry Years: Building Resilience to Drought in South-East Asia အစီရင်ခံစာပါတွေ့ရှိချက်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အတွေ့အကြုံကိုဖလှယ်မျှဝေရန်ဖြစ်ပါကြောင်း၊ ဆက်စပ်ပတ်သက်သည့် အဖွဲ့အစည်းများမှတာဝန်ရှိသူများအနေဖြင့် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားဘေးအတွက် စီမံခန့်ခွဲမှု များနှင့် ဒေသတွင်းမိုးခေါင်ရေရှားဘေးကြောင့် လူမှုစီးပွားဘဝများထိခိုက်ဆုံးရှုံးမှုများ လျှော့ချပေး နိုင်မည့်နည်းလမ်းများကို အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း၊ လွန်ခဲ့သော နှစ်ပေါင်း (၃၀)ကျော် စာရင်းများအရ အရှေ့တောင်အာရှရှိ လူဦးရေ(၆၆%)ခန့်သည် မိုးခေါင်ရေရှားဒဏ်ကို ခံစားနေရပြီး ဘေးသင့်လူဦးရေစုစုပေါင်း၏ (၁၇%) ခန့်ရှိပါကြောင်း၊ မိုးခေါင်ရေရှားမှုညွှန်ကိန်း (၁%) တိုးလာတိုင်း အာဆီယံ(၁၀)နိုင်ငံ၏ GDP (၀.၆%) လျော့ကျစေနိုင်ပါကြောင်း၊ မြန်မာနိုင်ငံသည်လည်း ၂၀၁၄ခုနှစ်နှင့် ၂၀၁၅ ခုနှစ်များတွင် အယ်လ်နီညို ကျရောက်မှုကြောင့် အပူပြင်းဆုံးနှစ်များဖြစ်ခဲ့ပြီး အပူပိုင်းဒေသများဖြစ်သော မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့တွင် သာမက အခြားသောမြစ်ဝကျွန်းပေါ်ဒေသများတွင်ပါ ရေရှားပါးမှုပြဿနာများကို ရင်ဆိုင်ခဲ့ရပါကြောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုအတွက် နိုင်ငံတော်ဒုတိယသမ္မတ-၂ ဦးဆောင်သော အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသည် နိုင်ငံတစ်ဝန်းဖြစ်ပွားသည့် ဘေးအန္တရာယ်များကို စီမံခန့်ခွဲနိုင်ရေးအတွက်မူဝါဒနှင့် မဟာဗျူဟာများချမှတ်ပြီး ဆောင်ရွက် လျက်ရှိပါကြောင်း၊ မိုးခေါင်ရေရှားဘေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့် မီဒီယာများ၊ အသိပေး စကားဝိုင်းများ၊ လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများနှင့် မိုဘိုင်းအက်ပလီကေးရှင်းများမှ တစ်ဆင့် အသိပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နွေရာသီကာလတွင် ပြည်သူလူထုအတွက် အထူးသဖြင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင် မိခင်နှင့်သားသည်မိခင်များ၊ မသန်စွမ်းနှင့် သက်ကြီးရွယ်အိုများအတွက် အပူရှောင်စခန်းများ ဆောက်လုပ်ပေးခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြန်လည်တုံ့ပြန်ရေးအနေဖြင့် ရေတွင်းရေကန်များတူးဖော်ခြင်း၊ ရေကန်များ ပြန်လည်ပြုပြင်ခြင်းနှင့် သောက်သုံးရေများ ဖြန့်ဝေပေးခြင်းတို့ကို တပ်မတော်၊ မီးသတ်ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအရင်းအမြစ်စီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ပုဂ္ဂလိကနှင့် လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျေးလက်နှင့် မြို့ပြဒေသများတွင် ရေရှားပါးမှု ပြဿနာများအတွက် ဖြေရှင်းဆောင်ရွက် လျက်ရှိပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် ပြောင်းလဲလာသည့် ရာသီဥတုနှင့်လျော်ညီစွာ မိုးခေါင်ရေရှားဘေးစီမံခန့်ခွဲမှုအတွက် ပိုမိုကောင်းမွန်အောင်ဆောင်ရွက် နိုင်မည့် နည်းလမ်းများကို  မျှော်တွေးဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးနှင့်  UNESCAP မှလည်း ရှေ့ဆက်ပူးပေါင်းဆောင်ရွက်ပေးရန် ပြောကြားခဲ့ ပါသည်။

ထို့နောက် United Nations Economic and Social Commission for Asia and Pacific-UNESCAP ၏ Chief of Space Applications ဖြစ်သူ Mr. Keran Wang က အစီရင်ခံစာတွင် မိုးခေါင်ရေရှားဘေးလေ့လာဆန်းစစ်မှုဆောင်ရွက်ခဲ့သည့် အာဆီယံနိုင်ငံ များအနက် နိုင်ငံတော်အဆင့် မူဝါဒပိုင်းဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင် ပထမဦးဆုံးဆောင်ရွက် နိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် မိုးခေါင်ရေရှားဘေး ကျရောက်ခြင်းသည် လူမှုစီပွားရေးအပေါ်များစွာ ဆိုးကျိုးသက်ရောက်မှုများရှိပြီး အထူးသဖြင့် စိုက်ပျိုးရေးကို ဦးစားပေးသည့် နိုင်ငံများအတွက် ပို၍အရေးကြီးပါကြောင်း၊ ESCAP အနေဖြင့် အာဆီယံဒေသများတွင် ကာလကြာမြင့်စွာ အချိန်ယူဖြစ်ပွားတတ်သည့် ဘေးအန္တရာယ်များနှင့် ပတ်သက်၍ လေ့လာဆန်းစစ် မှုများ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုးခေါင်ရေရှားဘေးအတွက် မူဝါဒပိုင်းဆိုင်ရာဆွေးနွေးပွဲများကို အခြားသောအာဆီယံနိုင်ငံများတွင်လည်း ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြ ခဲ့ပါသည်။

ဒုတိယပိုင်းအစီအစဉ်တွင် မြန်မာနိုင်ငံတွင် မိုးခေါင်ရေရှားဘေးအတွက် စီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများကလည်းကောင်း၊ မိုးခေါင်ရေရှားဘေး အစီရင်ခံစာနှင့် စပ်လျဉ်း၍ UNESCAP နှင့်ပူးပေါင်း၍ အာဆီယံအဆင့် မိုးခေါင်ရေရှားဘေးအတွက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်အား အာဆီယံအတွင်းရေးမှူးချုပ်ရုံး တာဝန်ရှိသူများကလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြ ပါသည်။

အဆိုပါ မိုးခေါင်ရေရှားမှု ဘေးဒဏ်ခံနိုင်ရည်ရှိစေရေးအတွက် မူဝါဒပိုင်းဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်စီမံခန့်ခွဲရေးဝန်ကြီးဌာနဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ UNESCAP၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ UNDP နှင့် IOM တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_nov2019

Source:         MOSWRR

Sign Up

Upcoming Events