နိုဝင်ဘာ ၁၈ ၊ နေပြည်တော်
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ (၂၀) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ကော်မတီအတွင်းရေးမှူး နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် အစိုးရသစ်အနေဖြင့် စတင်တာဝန်ယူစဉ်ကတည်းက ရခိုင်ပြည်နယ်အရေးကိစ္စကို နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် အရေးကြီးသောဦးစားပေးလုပ်ငန်းအဖြစ်သတ်မှတ်ပြီး ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို အဟန့်အတားအနှောက်အယှက်ဖြစ်စေသည့် ရေရှည်ပဋိပက္ခများ၏ အခြေခံ အကြောင်းအရင်းများကို ဖော်ထုတ်ဖို့လိုအပ်သည့်အတွက် ဒေါက်တာကိုဖီအာနန် ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါကြောင်း၊ အဆိုပါကော်မရှင်က အကြံပြုချက်(၈၈)ချက် တင်ပြခဲ့ပါကြောင်း၊ ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေဦးဆောင်သော မောင်တော ဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ကလည်း အကြံပြုချက် (၄၈)ချက်တင်သွင်းခဲ့ပါကြောင်း၊ ကော်မရှင် (၂)ခု၏အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရခိုင်ပြည်နယ် ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ရေးကော်မတီကို ၂၀၁၇ ခုနှစ်စက်တင်ဘာလ (၁၂) ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ ကော်မတီအနေဖြင့် (၂၅)လ ကျော်သက်တမ်းကာလအတွင်း သက်ဆိုင်ရာလွှတ်တော်များ၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ ကော်မတီအနေဖြင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများ သိရှိနိုင်စေရေးအတွက် (၄)လတစ်ကြိမ် ပြည်သူသို့ အစီရင်ခံစာကို တင်ပြလျက်ရှိပါကြောင်း၊ ကော်မတီ၏ လုပ်ငန်းများ အကောင်အထည်ဖော် တိုးတက်ဆောင်ရွက်မှုများကို အစီရင်ခံစာများတွင် အထောက်အထားအဖြစ် မြင်တွေ့သိရှိနိုင်မှာဖြစ်ပါကြောင်း၊ ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူမှုသဟဇာတဖြစ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် လက်တွေ့ကျသော ရှေ့ဆက်ဆောင်ရွက်ရေး လုပ်ငန်းများကို ဆွေးနွေးရန်ဖြစ်ကြောင်း၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုအားကောင်း လာစေရေးအတွက် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများပါဝင်ပူးပေါင်း ဆောင်ရွက်သော လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (Union Enterprise for Humanitarian Assistance, Resettlement and Development in Rakhine-UEHRD)ကော်မတီ၏ လုပ်ငန်းအဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကြပ်အတည်း (၃)ရပ်ဖြစ်သည့် ဖွံ့ဖြိုးမှုဆိုင်ရာ အကြပ်အတည်း၊ လူ့အခွင့်အရေးဆိုင်ရာ အကြပ်အတည်းနှင့် လုံခြုံရေးဆိုင်ရာ အကြပ်အတည်းများကို ဖြေရှင်းဆောင်ရွက်ရာတွင် ကောင်းမွန်သောရလဒ်များ ရရှိစေရန် မဟာဗျူဟာများရေးဆွဲဆောင်ရွက်လျက်ရှိရာ နိုင်ငံသားဖြစ်မှု၊ လွတ်လပ်စွာသွားလာခွင့်၊ IDP ကိစ္စရပ်များ၊ ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများမှာ ဦးစားပေး ကဏ္ဍများဖြစ်၍ မူဝါဒ၊ ဥပဒေများနှင့်အညီဆောင်ရွက်ပေးနိုင်ရန် လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အရေးကြီးပါကြောင်း၊ စီမံကိန်းကာလများ၊ စီမံကိန်းအကောင်အထည်ဖော်ရန် ဘဏ္ဍာငွေလျာထားမှုများ၊ ပူးပေါင်း ဆောင်ရွက်နိုင်မှုများကို ဝိုင်းဝန်း ညှိနှိုင်းကြရန်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက်ဆွေးနွေးကြပြီး ကော်မတီရုံးအဖွဲ့မှူးက ရေးဆွဲထားသော မဟာဗျူဟာ(မူကြမ်း)များကိုတင်ပြရာ တင်ပြချက်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ကော်မတီဥက္ကဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူး ခဲ့ကြကြောင်း သတင်းရရှိပါသည်။
#hl1
#npw_nov2019
Source: MOSWRR