နိုဝင်ဘာ ၁၇ ၊ ညောင်လေးပင်
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၌ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ညောင်လေး ပင်မြို့၊ သီရိရတနာခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး၊ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးဒေါ်နော်ပွယ်ဆေး၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ၊ UNICEF (မြန်မာ) မှ ကိုယ်စားလှယ်များ နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစိုးရအနေဖြင့် သက်ဆိုင်ရာကဏ္ဍအသီး သီးရှိ ပြည်သူများ၏အကျိုးအတွက် ဖြည့်ဆည်းအကောင်အထည်ဖော်ရာ၌ လိုအပ်ချက်ပေါ် မူတည်၍ ဦးစားပေးအဆင့်များဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မသန်စွမ်းသူများ ပြန်လည် ထူထောင်ရေး၊ ပြုစုစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတို့ကို ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် သိသာထင်ရှားသောအပြောင်းအလဲအဖြစ် ပြန်လည်ထူထောင်ရေးဦးစီး ဌာနကို အသစ်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများအားလုံး လူ့အခွင့်အရေး ကို တရားမျှတစွာ ခံစားစေနိုင်ရန် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာဥပဒေ (၂၀၁၅) နှင့် နည်းဥပဒေ (၂၀၁၇) တို့ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်နိုင်ရန် အမျိုးသား ကော်မတီ၊ လုပ်ငန်းကော်မတီတို့လည်း ဖွဲ့စည်းခဲ့ပါကြောင်း၊ မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးရမည့်ကဏ္ဍများသည် ကျယ်ပြန့်ပါသောကြောင့် ဆပ်ကော်မတီ (၉) ခုအထိ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူစာရင်းရရှိရေးသည် အရေးကြီးကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေးပြေးစီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီးတွင် လှိုင်သာယာမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးတွင် ညောင်လေးပင်မြို့နယ်၊ ကရင်ပြည် နယ်တွင် ဘားအံမြို့နယ်တို့တွင် ဆောင်ရွက်လျက်ရှိကြောင်း၊ စီမံချက်များ အကောင်အထည် ဖော်နေစဉ်ကာလများအတွင်း မသန်စွမ်းအဖွဲ့အစည်းအသီးသီးမှ ကောက်ယူရရှိသည့်စာရင်း များအရ ကနဦးငွေကြေးထောက်ပံ့ခြင်းကို ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ငွေကြေးထောက်ပံ့ ခြင်းထက် စွမ်းနိုင်မှုအဆင့်အလိုက် အခွင့်လမ်းများကိုဖန်တီးပေးရန် ကြိုးပမ်းလျက်ရှိရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၀ − ၂၀၂၅) (မူကြမ်း) ကို ရေးဆွဲလျက်ရှိကြောင်း၊ မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝဘေးနှင့် အခြားအရေးပေါ်အခြေအနေနှင့် အလွယ်တကူ လက်လှမ်းမီရရှိရေးတို့ကို ဦးစားပေးနယ်ပယ်များအဖြစ် ထည့်သွင်းထားပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကော်မတီ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးက မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေးပြေးစီမံကိန်းအား ညောင်လေးပင်မြို့နယ်ကို ရွေးချယ် ဆောင်ရွက်ပေးသည့်အတွက် ဝမ်းမြောက်ပါကြောင်းနှင့် နည်းပညာပံ့ပိုးကူညီပေးသော UNICEF (မြန်မာ)မှ တာဝန်ရှိသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ − UNICEF ( မြန်မာ) မှ ဒုတိယဌာနေ ကိုယ်စားလှယ်က မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ရှေးပြေးစီမံကိန်း ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
ယနေ့ စတင်ကျင်းပသည့် (၄) ရက်တာ သင်ကြားပို့ချမည့် မသန်စွမ်းမှုအဆင့်သတ်မှတ် ခြင်းနှင့် မှတ်ပုံတင်ခြင်းဆိုင်ရာ ဆရာဖြစ်သင်တန်းကို သက်ဆိုင်ရာအစိုးရဌာနများ၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဝင်များ၊ မသန်စွမ်းအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီ အဖွဲ့ဝင်များ၊ လူငယ်နှင့်လူမှုအဖွဲ့အစည်းအသီးသီးမှ တက်ရောက်သူ (၁၄၈) ဦးရှိကြောင်းသိရှိ ရပါသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းကျေးရွာသို့ ရောက်ရှိကြပြီး အခြေခံပညာအထက်တန်းကျောင်း၌ ရေကြီးရေ လျှံမှုကြောင့် ပျက်စီးသွားသည့် (၂) ခန်းတွဲအိမ်သာဆောက်လုပ်ရန် ထောက်ပံ့ငွေကျပ် (၁၆) သိန်းကို တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပါသည်။
ယင်းနောက် တောင်ခင်ကျေးရွာသို့ရောက်ရှိကြပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပျက်စီးခဲ့သည့် သူဌေးကုန်း − တောင်ခင်ကျေးရွာချင်းဆက်လမ်းကို ဂဝံလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် ဘေးအန္တရာယ်နှင့် ပတ်သက်၍ လူ့ကြောင့်ဖြစ်သောဘေး၊ သဘာဝကြောင့်ဖြစ်သောဘေးများ အတွက် အလျင်အမြန်တုန့်ပြန်ခြင်းနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သာတူညီမျှဖြစ်အောင် ဆောင်ရွက်ပေး ရပါကြောင်း၊ ဦးစားပေးအဆင့်များဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ တောင်ခင်ကျေးရွာ ချင်းဆက်လမ်းအတွက် အစိုးရထံမှ ခွင့်ပြုရန်ပုံငွေရရှိပြီးဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ် သက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အမျိုးသားကော်မတီကို ဒုတိယသမ္မတ (၂) က ဦးဆောင်၍ စီမံခန့်ခွဲလျက်ရှိပါကြောင်း၊ ပြည်သူများပူးပေါင်း ပါဝင်မှု အရေးကြီးပါကြောင်း၊ ယခုခွင့်ပြုချက်ရရှိသော ကျေးရွာချင်းဆက်လမ်းကို အကျိုးရှိစွာအသုံး ချပြုနိုင်ရန်နှင့် ရာသီမရွေးသွားလာနိုင်သောလမ်းအဖြစ် ရေရှည်တည်တံ့ခိုင်မြဲစေရန် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရပ်မိရပ်ဖ ပြည်သူလူထုများက ပူးပေါင်းဆောင်ရွက် ပေးကြစေလို ကြောင်းနှင့် အစိုးရ၏ စီမံကိန်းများသည် ရေရှည်အကျိုးကိုမျှော်မှန်း၍ ဆောင်ရွက်ခြင်းဖြစ်ရာ ရှေ့ဆက်ဆောင်ရွက်ကြရမည့် လုပ်ငန်းများတွင်လည်း ပြည်သူများက ဆက်လက်ပူးပေါင်း ပါဝင်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးကြည်ဇင်က အစိုးရက ခွင့်ပြုပေးသည့် ကျေးရွာချင်းဆက်လမ်းအတွက် သတ်မှတ်ခွင့်ပြုငွေနှင့်အညီ စံချိန်စံညွှန်းများ ကိုက်ညီအောင် ဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် တောင်ခင်ကျေးရွာအုပ်စု၊ သူဌေးကုန်း − တောင်ခင်ကျေးရွာချင်းဆက် ဂဝံလမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် ကုန်ကျငွေကျပ် (၁၉၄.၄၇၃) သန်း၊ ကျောင်း သား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၂၀၀၀) စုံ၊ တုံကန်ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျခြင်းမှကာကွယ်ရန် မြေထိန်းနံရံပြုလုပ်ရန်အတွက် ထောက်ပံ့ငွေကျပ် (၁၅၀)သိန်း၊ တို့ကို ပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံခဲ့ကြပြီး ဒေသခံအငြိမ်းစား ကျောင်းဆရာ ကြီးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
#hl1
Source: MSWRR