လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် စက်တင်ဘာလ (၅) ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဖြစ်သည့် ဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသော တစ်နိုင်ငံလုံးရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းစုစုပေါင်း (၁၂၉၇) ခုအား (၂၀၁၃-၂၀၁၄) ဘဏ္ဍာရေးနှစ်ကစပြီး ထောက်ပံ့ကြေးငွေများကို (၃.၁၃)ဆ တိုးမြှင့်၍ စုစုပေါင်းကျပ်သိန်း (၁၇၁၆၆) သိန်းအား ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ဒီလိုထောက်ပံ့ပေးခြင်းဟာ နိုင်ငံတော်သမ္မတကြီး ချမှတ်ထားတဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်ကို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်းပဲ ဖြစ်ပါကြောင်း စသည်ဖြင့် အကျယ်တဝင့် ပြောကြားပါသည်။ အစီအစဉ်အရ ပြင်ဦးလွင်မြို့နယ် အတွင်းရှိ ဒိုးပ်ငအောင်ကံသာ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၂၅၆.၇၉) သိန်း၊ ပြင်ဦးလွင်မျက်မမြင်ကျောင်းအတွက် (၄၀.၈၈) သိန်းနှင့် ချယ်ရီမြေဘိုးဘွားရိပ်သာအတွက် (၃.၆၀)သိန်း၊ မတ္တရာမြို့နယ်အတွင်းရှိ အောင်သာကံမြင့် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် (၂၃.၃၆)သိန်းနှင့် ရွှေဘုံစံဘိုးဘွားရိပ်သာအတွက် (၄.၅၀)သိန်း၊ မိုးကုတ်မြို့နယ်အတွင်းရှိ ရတနာသိဒ္ဓိလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၄၂.၂၉) သိန်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ရွှေစည်းခုံ ကျောင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် (၁၃.၈၇)သိန်း၊ ပြင်ဦးလွင်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၉)ကျောင်းအတွက် (၅၄)သိန်း၊ စုစုပေါင်းကျပ်သိန်းပေါင်း (၄၃၉.၂၁) သိန်းအား သက်ဆိုင်သူများထံထောက်ပံ့ပေးပြီး ဂေဟာအုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြင်ဦးလွင်ခရိုင်အတွင်းရှိ ”လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များအတွက် နည်းပြသင်တန်း (၁၆/၂၀၁၄)” ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးက နည်းပြသင်တန်းအမှတ်စဥ် (၁/၂၀၁၄) မှ (၁၅-/၂၀၁၄) ထိအား ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ နေပြည်တော်ကောင်စီ၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်းရှိ ခရိုင်များအားလုံးနဲ့ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်နှင့် ညောင်ဦးခရိုင်၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်ခရိုင်နှင့် မြောက်ပိုင်းခရိုင်တို့မှ ကျေးရွာစုစုပေါင်း (၄၅၀) ရွာကျော်မှ လူငယ်မောင်မယ်စုစုပေါင်း (၁၆၀၀)ဦးခန့်ကို နည်းပြသင်တန်းများပို့ချပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ နည်းပြသင်တန်းများဖွင့်လှစ်ပြီးတဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှာ ဆင့်ပွားသင်တန်းများလည်း ဆက်လက်ဖွင့်လှစ်လျက်ရှိပါကြောင်း၊ ကျန်ရှိတဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှာလည်း နည်းပြသင်တန်းများနှင့် ဆင့်ပွားသင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမှာ ဖြစ်ပါကြောင်း၊ ဒီလို ဆောင်ရွက်နေခြင်းဟာ နိုင်ငံတော်သမ္မတကြီးရဲ့ လမ်းညွှန်ချက်နှင့်အညီ လူငယ်များအတွက် အလေးထားစဉ်စားပြီး ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။အစီအစဉ်အရ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးစိုးကြည်က လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်းလူငယ်များ စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားကြပါသည်။ ထို့နောက် မြန်မာနိုင်ငံ မြေတိုင်းကျောင်းသို့ရောက်ရှိပြီး ရပ်ကွက် (၂၀)ခုနှင့် ကျေးရွာ (၁၀) ရွာမှ လူမှုစောင့်ရှောက်ရေးစေတနာ့ဝန်ထမ်း လူငယ်(၃၀)ဦးတို့ကို နည်းပြသင်တန်းပို့ချနေမှုနှင့် ရပ်ကွက် (၂၆) ခုနှင့် ကျေးရွာ (၄) ရွာမှ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်း လူငယ် (၃၀) ဦးတို့ကို နည်းပြသင်တန်းဖွင့်လှစ်နေမှုတို့အား ကြည့်ရှု၍ လူငယ်မောင်မယ်များကို အားပေးစကားပြောကြားပါသည်။
ထို့နောက် စက်တင်ဘာလ (၆) ရက်နေ့တွင် အမှတ် (၆) ရပ်ကွက်၊ သစ်တောလမ်း၊ ရုံးပေါင်းစုံဝန်းအတွင်းရှိ ပြင်ဦးလွင်ခရိုင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးနှင့် ကယ်ဆယ်ရေးဂိုဒေါင်တည်ဆောက်မည့် မြေနေရာအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားပါသည်။ ထို့နောက် ချယ်ရီမြေဘိုးဘွားရိပ်သာသို့ ရောက်ရှိပြီး ဘိုးဘွားများကို ဝန်ကြီးဌာနမှ အသုံးအဆောင်ပစ္စည်းများနှင့် ဦးအောင်ဇော်မြင့်+ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင် ပြည်ထောင်စုဝန်ကြီးမိသားစုမှ တစ်သိန်းတစ်သောင်းကျပ်နှင့် ဆေးဝါးများအား လှူဒါန်းကာ အားပေးစကားပြောကြားခဲ့ပါသည်။